သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးနောက် လူမှုကွန်ယက်မှာ စစ်ကောင်စီကိုဆန့်ကျင်ရေးသားလို့ဆိုကာ ဖမ်းဆီးခံထားရသူ မိုးကုတ်မြို့ခံအမျိုးသမီး ပြန်လည်လွတ်မြောက်လာတယ်လို့ ၎င်းရဲ့နီးစပ်သူတွေထံက သိရပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူအမျိုးသမီးဟာ မိုးကုတ်မြို့၊ အောင်ချမ်းသာရပ်ကွက် နေထိုင်သူဖြစ်ပြီး စစ်ကောင်စီက ဖေ့ဘွတ်စ်လူမှုကွန်ယက်မှာ ၎င်းတို့ကိုဆန့်ကျင်ရေးသားတယ်ဆိုကာ ပြီးခဲ့တဲ့မတ်လအတွင်းက နေအိမ်မှာ အင်အားသုံးဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကာ အကြမ်းဖက်ဥပဒေပုဒ်မတပ်ခံထားရသူဖြစ်တယ်လို့ ဆိုပါတယ်။
“ ခရိုင်စစ်ဆိုပြီး ခရိုင်ရုံးက တရားသူကြီးမရှိလို့ မိုးကုတ်မှာပဲထားတာ၊ ဖမ်းတုန်းက မတရားအသင်း ဆက်သွယ်မှုဘာညာနဲ့ အချုပ်ထဲမှာလည်း အကြမ်းဖက်ဆိုပြီးခေါ်တာ။"လို့ လွတ်မြောက်လာသူ နိုင်ကျဉ်းအမျိုးသမီးနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ပြီးနောက် နိုင်ငံရေးအကျဉ်းသူ ၅ ဦး ၊ အကျဉ်းသား ၉ ဦး စုစုပေါင်း ၁၄ ဦးကို ဇူလိုင် ၂၇ရက်မှာ လွှဲပြောင်းလက်ခံကာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ မိုးကုတ်ဗျူဟာက ဇူလိုင် ၂၈ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
လွတ်မြောက်လာတဲ့ နိုင်ကျဉ်း ၁၄ ဦးမှာ အဆိုပါအမျိုးသမီးလည်း ပါဝင်တာဖြစ်ပြီး စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး ၄ လခန့်အကြာ အမှုရင်ဆိုင်နေရချိန် မိုးကုတ်မြို့သိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်က ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။
မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက် ညနေမှာ တအာင်းတပ်မတော် - PSLF/TNLAနဲ့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာပါ။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၃၀ ဦး၊ လက်နက်ငယ်မျိုးစုံ ၇၃ လက်၊ ၁၂၀ မမအပါအဝင် ကွန်မန်ဒိုစိန်ပြောင်း ၁၄ လက်၊ ငါးကြင်းမြီး(စက်လတ်) ၃ လက်၊ ပွိုင့်ဖိုက် ၁ လက်၊ RPG ၂ လက်၊ Jammer ၁ စုံ၊ အတွဲလိုက်ဒုံး ၄ လုံးတွဲ ၁ လက်၊ မိုင်းမျိုးစုံ၊ ကျည်ဆန်မျိုးစုံကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အမျိုးသမီး ၈ဦး၊ အမျိုးသား ၁၁ ဦး၊ ကလေးငယ် ၉ ဦးသေဆုံးခဲ့ပြီး အမျိုး သမီး ၂၂ဦး၊ အမျိုးသား ၂၆ဦးနဲ့ ကလေးငယ် ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ် ၂၈လုံးနဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်က ဆိုပါတယ်။
မိုးကုတ်မြို့ဟာ မန္တလေးတိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်နိုင်တဲ့ ဒုတိယမြောက်မြို့ဖြစ်ပြီး စဉ့်ကူးမြို့ကိုတော့ ဇူလိုင် ၁၇ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ပုံစာ - လွတ်မြောက်သူအမျိုးသမီး ဖမ်းဆီးခံရစဉ်က စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည့်သတင်းနှင့် မိုးကုတ်ထောင်မှ နိုင်ကျဉ်း ၁၄ ဦးကို မိုးကုတ်ဗျူဟာက ဇူလိုင် ၂၇ ရက်မှာ လွှဲပြောင်းလက်ခံနေစဉ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မိုးကုတ် #မြို့သိမ်းတိုက်ပွဲ #နိုင်ကျဉ်း #လွတ်မြောက် #သတင်း
Share Share Share