လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကိုဝေဖန်တာနဲ့ လူထုလှုပ်ရှားမှုလုပ်လို့ ဖမ်းခံရသူ ၁၇၀၀ နီးပါးရှိပြီး အဖမ်းခံရသူအများဆုံးစာရင်းထဲ ပဲခူးနဲ့ပြည်မြို့ ပါဝင်

လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကိုဝေဖန်တာနဲ့ လူထုလှုပ်ရှားမှုလုပ်လို့ ဖမ်းခံရသူ ၁၇၀၀ နီးပါးရှိပြီး အဖမ်းခံရသူအများဆုံးစာရင်းထဲ ပဲခူးနဲ့ပြည်မြို့ ပါဝင်

အွန်လိုင်းလူမှုကွန်ရက်တွေပေါ်ကနေ စစ်ကောင်စီကို ဝေဖန်ဆန့်ကျင်ရေးသားတာနဲ့ တော်လှန်ရေး လူထုလှုပ်ရှားမှုပြုလုပ်ကြတဲ့သူတွေကို စစ်ကောင်စီက စောင့်ကြည့်ဖမ်းဆီးအရေးယူခဲ့ရာမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအထိ ဖမ်းဆီးခံရသူ ၁၆၉၁ ဦးရှိခဲ့တယ်လို့ Data for Myanmar က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်မှုကို စက်တင်ဘာ ၁၇ ရက်ညက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခဲ့တဲ့ မြို့နယ်ပေါင်း ၂၂၀ ထဲမှာ ပဲခူး ၅၅ ဦး၊ ချမ်းမြသာစည် ၅၁ ဦး၊ မြောက်ဥက္ကလာပ ၄၅ ဦးနဲ့ ပြည်မြို့မှာ ၄၀ ဦးဆိုပြီး အများဆုံးဖမ်းဆီးခံရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ လက်အောက်ခံတွေရဲ့ စောင့်ကြည့်ဖမ်းဆီးတာကို အများဆုံးခံရတဲ့ အွန်လိုင်းလူမှုကွန်ရက်တွေကတော့ Facebook, TikTok, Telegram, Viber တို့ဖြစ်ပြီး စစ်ကောင်စီ ဝါဒဖြန့်ပလက်ဖောင်းတွေကနေ အချက်အလက်နဲ့တကွ တိုင်တန်းပြီး ဖမ်းဆီးခိုင်းတာမျိုးရှိသလို စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးစဉ် ဖမ်းဆီးခံရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရမှုမှာ အမျိုးသမီး ၆၁၃ ဦးနဲ့ အမျိုးသား ၁၀၇၈ ဦးဆိုပြီး ဖမ်းဆီးခံရတဲ့အထဲ အမျိုးသမီး ၃၆ ရာခိုင်နှုန်းထိ ပါဝင်ခဲ့ပါတယ်။

၂၀၂၂ ဇန်နဝါရီ ၂၅ ရက်မှာ လူမှုကွန်ရက်ကနေ လှုံဆော်တာ၊ ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒပုဒ်မ ၅၂(က)၊ ရာသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ပုဒ်မ ၅၀၅-က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)အပါအဝင် တည်ဆဲဥပေဒတွေနဲ့ အရေးယူခံရမယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပြီး နောက်တလအကြာ ဖေဖော်ဝါရီလကစပြီး ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်သလို PDF Game တွေကိုမဆော့ဖို့နဲ့ အမုန်းစကားတွေ မပြောကြဖို့ကိုလည်း စစ်ကောင်စီဝါဒဖြန့်ပလက်ဖောင်းတွေကနေ ဆက်တိုက် ဖော်ပြနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ် ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ စာရင်းသာဖြစ်လို့ ယင်းမတိုင်မီ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး တလအကြာ မတ်လကနေစတင်ပြီး လူထုလှုပ်ရှားမှုပြုလုပ်သူတွေနဲ့ အွန်လိုင်းပေါ်မှာရေးသားခဲ့ကြတဲ့ ပြည်မြို့ခံအများအပြား ဝရမ်းထုတ်ခံရတာနဲ့ ဖမ်းဆီးခံရတာများစွာရှိခဲ့တဲ့အတွက် အခြားမြို့တွေမှာလည်း အလားတူရှိနိုင်ပြီး အစီရင်ခံစာ စာရင်းထက် ဖမ်းဆီးခံရသူ ပိုမိုများပြားနိုင်တယ်လို့ မြေပြင်အချက်အလက်တွေအရ သိရပါတယ်။

ပုံစာ - လူမှုကွန်ယက်မှ ဝေဖန်သူတဦးအား ဖမ်းဆီးရန်အတွက် စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်တခုမှ လှုံ့ဆော်ထားပုံ။

#မြေလတ်အသံ

#စစ်ကောင်စီ #ဝေဖန် #ဖမ်းဆီး #အွန်လိုင်းလူမှုကွန်ယက် #စစ်အာဏာသိမ်းမှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10