"လူသတ်ကွင်း" ဖြစ်လာတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ မလုံခြုံတော့တဲ့ သာသနာ့နယ်မြေတွေ (သတင်းဆောင်းပါး)

"လူသတ်ကွင်း" ဖြစ်လာတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ မလုံခြုံတော့တဲ့ သာသနာ့နယ်မြေတွေ (သတင်းဆောင်းပါး)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာက ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းထဲမှာ စစ်ရှောင်နေကြတဲ့ ရွာသူ/ရွာသားတွေနဲ့အခြားသူတွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးမေးမြန်းတာကိုခံရပြီး အဲဒီထဲက ၃၄ ဦးဟာ ဘုန်းကြီးကျောင်းဝန်းတွေထဲမှာပဲ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာကို ခံလိုက်ရပါတယ်။ 

အဲဒီဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့ တရက်ထဲမှာပဲ ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်စဉ်မတိုင်ခင် ၂ ရက်ကပဲ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်ရွာ ဘုန်းတော်ကြီးကျောင်းဝန်းထဲကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချလို့ ၁၆ ဦးသေဆုံးခဲ့ပါသေးတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ ပြဿနာတခုခု၊ ဒုက္ခတခုခု၊ သဘာဝဘေးအန္တရာယ်တခုခုနဲ့ ရင်ဆိုင်လာရတိုင်း ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေမှာ ခိုလှုံကြတာက ဗုဒ္ဓဘုရားရှင် သက်ရှိထင်ရှားရှိစဉ်ကတည်းဆိုတာကို ဇာတ်နိပါတ်၊ ဗုဒ္ဓဝင်ကျမ်းနဲ့ သမိုင်းအဆက်ဆက်မှာ တွေ့နိုင်ပါတယ်။

“ပြည်သူလူထုက ဘုန်းကြီးကျောင်းကိုအားကိုးတာက ဘုရားအရိပ် တရားအရိပ် သံဃာအရိပ်ဆိုပြီး အားကိုးတာ၊ အရိပ်သုံးပါကိုခိုလှုံတာဖြစ်တယ်။” လို့ နိုင်ငံတကာငြိမ်းချမ်းရေးကွန်ရက် ပြောရေးဆိုခွင့်ရဆရာတော် ဦးဣဿရိယ (ဦးဇင်းဂျောင်းဂျောင်း) က မိန့်ပါတယ်။

ဒါ့အပြင် ဗုဒ္ဓဘာသာဝင်အများစုဟာ ဘာသာရေးအရ ဥပုသ်သီလခံယူတယ်ဆိုတဲ့ လိုက်နာရမယ့် အချက်တွေကို နေ့ထူးနေ့မြတ်တွေနဲ့ လပြည့်လကွယ်နေ့တွေအပြင်ဥပုသ်နေ့တွေမှာ အနည်းဆုံးသောကျင့်ကြံရမယ့် ငါးပါးသီလဆောက်တည်တာကို လုပ်လေ့ရှိပါတယ်။

“ဒီအတိုင်းပဲ အကောင်ကြီးကြီးတွေ သတ်ဖို့နေနေသာသာ ပုရွတ်ဆိတ်လောက်တောင်မှ ဗုဒ္ဓဘာသာအရ ဆိုရင် မသတ်သင့်ဘူး။ ဒါပေမယ့်အခုအချိန်မှာ သာသနာ့နယ်မြေတွေမှာ လူသတ်နေတာ မဖြစ်သင့်ဘူး။” လို့ မကွေးတိုင်း၊ ရေစကြိုနယ်ဘက်မှာ လက်နက်ကိုင်တော်လှန်ရေးကို လုပ်ဆောင်နေတဲ့ ကျားသစ်နက် တပ်မတော်က ရဲမေ ခက်ခက်ခိုင် က ပြောပါတယ်။

 

ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးခဲ့ကြတယ်

၂၀၂၁ ခုနှစ် ကနေ ၂၀၂၃ ခုနှစ် ဧပြီလအထိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ အစ္စလာမ်ဘာသာရေးအဆောက်အအုံ၊ ခရစ်ယာန်နဲ့ သာသနိကအဆောက်အအုံ ၂၀၀ နီးပါး တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပြီး ဗုဒ္ဓဘာသာသာဘုန်းတော်ကြီးကျောင်း ၄၃ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၁၅ ခု၊ အစ္စလာမ်ဘာသာရေးဆိုင်ရာနေရာ ၅ ခုနဲ့ ဟိန္ဒူဘုရားကျောင်း ၁ ခုတို့ကို အဓမ္မစီးနင်းဝင်ရောက်ခဲ့သလို ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (International Council of Jurists - ICJ) က ၂၀၂၃ ခုနှစ် ဇွန်လက ထုတ်ပြန်ထားပါတယ်။

“စစ်အုပ်စုက ပိုပြီးရှုံးနိမ့်လာ၊ အားနည်းလာတော့ ကျားနာခဲ ခဲတယ်လို့ပြောချင်တယ်။ ဆေးရုံဆေးခန်းတွေ ဘာသာရေးအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ပဲ ပြောချင်ပါတယ်။” လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ ရဲ့ နိုင်ငံရေးနှင့်သုတေသနအကြံပေး ကိုမိုးထက်နေ က ပြောပါတယ်။

စစ်ဘေးရှောင်နဲ့၊ ဒုက္ခသည်တွေများစွာ ခိုလှုံတဲ့နေရာတွေဖြစ်တဲ့ ဘာသာရေးနယ်မြေတွေမှာ လူတွေကိုခိုလှုံခွင့်မပေးချင်တာ၊ တဘက်မှာလည်း အကြောက်တရားကြီးမားအောင် ခြိမ်းခြောက်တာ၊ ဘယ်နေရာမှာမှ ပြေးစရာမရှိ မလုံခြုံဘူးဆိုတာကို ပြချင်တာ လို့ သူဆက်ပြောပါတယ်။

ဘာသာရေးဆိုင်ရာအဆောက်အဦ၊ ဆေးရုံ၊ စာသင်ကျောင်းတွေဟာ စစ်ပွဲမရှိတဲ့ကာလဖြစ်ဖြစ် စစ်ပွဲရှိတဲ့ကာလဖြစ်ဖြစ် လူသားအားလုံးကိုအကျိုးပြုတဲ့ နေရာတွေဖြစ်ပြီး ဒီလိုနေရာတွေကို စစ်ပွဲကာလမှာလည်း တိုက်ခိုက်ဖျက်ဆီးလို့ မရဘူးလို့ဆိုပေမယ့် အကျိုးစီးပွားနဲ့ယှဉ်တဲ့အခါ ဘယ်ဘာသာသာသနာကိုမှ အလွတ်မပေးဘူးလို့ ကိုမိုးထက်နေက ပြောပါတယ်။

“စစ်အုပ်စုအနေနဲ့ကတော့ ဒီလိုနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ အခုမှ မဟုတ်ဘူး။ သမိုင်းတလျှောက်လုံး သူတို့အကျိုးစီးပွားအတွက် ဖျက်ဆီးခဲ့တာ။ သူတို့ရဲ့ ဆန့်ကျင်ဘက်လူတွေ အသုံးချလို့မရအောင် ဖြိုချခဲ့တာတွေ အများကြီးရှိပါတယ်။” လို့ သူကဆက်ပြောပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ ရဲ့ ဇွန်လ ၁၂ ရက်နေ့ထုတ်ပြန်ချက်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း နိုင်ငံတဝှမ်းမှာ စစ်အုပ်စုက လူ ၅ ဦးနှင့်အထက် သေဆုံးစေခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဥ်ပေါင်း အနည်းဆုံး ၄၆ ခုကို ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ စုစုပေါင်း ၃၆၉ ဦးကို သတ်ဖြတ်ခဲ့ကာ တိုက်ခိုက်ခံရမှုတွေထဲမှာ စစ်ကိုင်းတိုင်းက ထက်ဝက်ပါဝင်တယ်လို့ ဖော်ပြပါတယ်။ 

အဲဒီ ၄ လစာရင်းအထဲမှာ မတ်လ ၃၁ ရက်နေ့က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ရွှေကျောင်းကြီးဘုန်းကြီးကျောင်းဝန်းအတွင်း ဒေသခံ သေဆုံးသူ ၈ ဦး နဲ့ ဧပြီလ ၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မနောသာရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံသေဆုံးသူ ၅ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။ 

မြေလတ်အသံသတင်းဌာနက သီးခြား မှတ်တမ်းပြုစုသတင်းရေးသားထားမှုအရ မေလ ၉ ရက်နေ့က မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲ၊ အကြည်ပန်းပလွန်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာ ကြောင့် ၂၅ ဦးသေဆုံးပြီး ၅၀ ဝန်းကျင်ဒဏ်ရာရခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက်ရာမှာ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးအပြင် ရော့ကတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာပါ။

အဲဒီဖြစ်စဉ်အပြီး ၂ ရက်မြောက်နေ့မှာတော့ စစ်ကိုင်းတိုင်း၊ မြင်းမူ၊ လက်ထုတ္တောကျေးရွာ က ဘုန်းကြီးကျောင်း ၂ ကျောင်းထဲက စစ်ရှောင်ဒေသခံတွေထဲက ၃၄ ဦးကို ဘုန်းကြီးကျောင်းဝန်းအတွင်းမှာပဲ ဖမ်းဆီးပစ်ခတ်ခဲ့ပြန်ပါတယ်။ 

ဇွန်လ ၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်းမှာ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ နဲ့ ပြည်သူ့လုံခြုံရေး (ပသုံးလုံး) အဖွဲ့တွေရဲ့ အစည်းအဝေးပြုလုပ်နေချိန် စစ်ကောင်စီက လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၂ ပါးအပါ ၈ ဦးသေဆုံးခဲ့ပါတယ်။

 တနေ့တည်းဆိုသလို စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးက မဟာမြိုင်တောရ ဘုရားကြီးဝန်းထဲကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းသုံးပစ်ခတ်ခဲ့လို့ ဘုန်းကြီးတွေနဲ့ သီလရှင်ဆရာလေးတွေ သီတင်းသုံးကြတဲ့ ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

“စစ်**တွေက ဘုန်းကြီးကျောင်းတွေလို့ မအောက်မေ့တော့ဘဲနဲ့ သူတို့စိတ်နဲ့နှိုင်းပြီး ဘုန်းကြီးကျောင်းတွေမှာ လူစုရင် PDF တွေပဲ သူတို့မလာခင် တပ်စွဲတာပဲဆိုပြီး ဘုန်းကြီးကျောင်းထဲမှာ လူစုစုရှိရင်ပစ်ကြခတ်ကြ ဗုံးကြဲတာတွေ ရှိပါတယ်။” လို့ ဦးဇင်းဂျောင်းဂျောင်း က မိန့်ပါတယ်။

 

ဆင်သေကိုဆိတ်သားရေနဲ့ဖုံး

စစ်ကောင်စီနဲ့ သူ့ရဲ့ နောက်လိုက်နောက်ပါ တပ်ဖွဲ့ဝင်တွေရဲ့ ဘာသာ သာသနာမရှောင် ဖိနှိပ်ရက်စက်သတ်ဖြတ်မှုအဖြစ် အထင်ရှားဆုံးပြယုဂ်ကတော့ ဇွန်လ ၁၉ ရက်နေ့က မဟနအဖွဲ့ဝင် ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ခတ်တာလို့ လိမ်လည်ဝါဒဖြန့်ချီခဲ့တာပါပဲ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘာသာရေးအလေးထားတဲ့ သူအဖြစ် သူ့(စကစ)ရဲ့လက်အောက်ခံတွေဖြစ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ မြဝတီတို့လို့ဌာနတွေ တယ်လီဂရမ်တွေကနေ ဝါဒဖြန့်ချီတာတွေ မပြတ်တမ်း ပြုလုပ်နေတာကို တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကတော့ နိုင်ငံတော်သံဃမဟာနာယကဆရာတော်တွေကို နိုင်ငံတော်အဆင့်အဆောင်အယောင်ဆိုပြီး မော်တော်ယာဉ်တွေကို ပေးအပ်ခဲ့ပါသေးတယ်။ ဒါကိုလည်း သူရဲ့လက်အောက်ခံ သတင်းစာတွေကနေ မျက်နှာဖုံးသတင်းတွေအဖြစ် ဖော်ပြပါတယ်။

အလားတူ နာမည်ကြီးအထင်ကရဘုရားတွေဆီကို သွားရောက်တာ၊ ဘုရားတည်ကျောင်းဆောက်တာနဲ့ နိုင်ငံတော်အဆင့်ဆရာတော်တွေကို ဘွဲ့တံဆိပ်တွေ ပေးအပ်တာတွေကို တောက်လျှောက်ဆိုသလို ပြုလုပ်နေတာကို တွေ့ရပါတယ်။

“စစ်အုပ်စုက သူ့နိုင်ငံရေးအကျိုးအမြတ်ရရင် ဘယ်ဘာသာဖြစ်ဖြစ် ပစားပေးပြီးဆက်ဆံတယ်။ သူ့ကိုဆန့်ကျင်တဲ့အခြေအနေ သူ့နိုင်ငံရေးအကျိုးစီးပွားကို ထိခိုက်တဲ့အခြေအနေဆိုရင် ဘယ်ဘာသာရဲ့ ဘာသာရေးအထိမ်းအမှတ်အဆောက်အဦတွေပဲ ဖြစ်ဖြစ် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဖျက်ဆီးသတ်ဖြတ်ဖို့ ဝန်မလေးဘူး။” လို့ ကိုမိုးထက်နေ ကပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်နဲ့ နောက်လိုက်တွေဟာ ဘာသာရေးအလေးထား ထွန်းကားပြန့်ပွားအောင် လုပ်နေသလိုမျိုး ဟန်ပြခရီးတွေကို ဆက်တိုက်ဆိုသလို လုပ်ပြနေပေမယ့်လည်း တဘက်မှာတော့ ဘုန်းကြီးကျောင်းတွေအပါအဝင် ဘာသာပေါင်းစုံရဲ့ အဆောက်အဦတွေကို တပ်စွဲတာ၊ မီးလောင်တိုက်သွင်းတာ၊ လေကြောင်းကနေဗုံးကြဲတာတွေအပြင် ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးမေးမြန်းတာ ပစ်ခတ်သတ်ဖြတ်တာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ 

“စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်မှာ လေယာဉ်နဲ့ကြဲတာ အဲလိုလုပ်တဲ့နေရာမှာ ဘုန်းကြီးကျောင်း ချက်ကျောင်း(Church)တွေ အတော်များများပျက်စီးသွားတယ်။ စာရင်းတွေကတော့ နောက်ပိုင်းထွက်လာလိမ့်မယ်” လို့ ပေါက်မြို့နယ်က တော်လှန်ရေးအင်အားစုဝင် ကျောင်းဆရာမတဦးက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF ) က ၂၀၂၄ ခုနှစ်အတွက် မေလ ၁ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံပါ ၁၇ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ ပိုဆိုးဝါးလာတယ်လို့ ဖော်ပြပါတယ်။

 

လူသတ်ကွင်းဖြစ်လာတဲ့ ဘုန်းကြီးကျောင်းတွေ

အစုအလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရမှုတွေနဲ့ ဗုံးကြဲခံခဲ့ရတဲ့နေရာတွေအကြောင်းကိုတော့ အညာဒေသအထူးတော်လှန်ရေးတပ်ဖွဲ့ အတွင်းရေးမှူး ကိုဆာန် က “အဓိကပစ်မှတ်တွေပေါ့ အဓိကပစ်မှတ်တွေဆိုတာမှာ ဘုရား၊ ကျောင်း၊ ဆေးရုံဆိုတဲ့ တိကျတဲ့ပစ်မှတ်နေရာတွေပေါ့။”  လို့ ပြောပါတယ်။ 

အညာမှာ မြို့ရွာတိုင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေရှိကြပါတယ်။ ကျောင်းမကောင်းရင်တောင် ကျောင်းဝန်းတွေဟာ များစွာကျယ်ဝန်းပြီး လူအများစုဝေးနိုင်လောက်တဲ့ မြေနေရာရှိကြပါတယ်။ တချို့ရွာတွေမှာ ရွာကြီးရင်ကြီးသလို စီးပွားရေးကောင်းရင်ကောင်းသလို တရွာတည်းကိုပဲ တောင်ကျောင်း၊ မြောက်ကျောင်း၊ အရှေ့ကျောင်း၊ အနောက်ကျောင်းဆိုပြီး ၂ ကျောင်းထက်မနည်း ရှိတတ်ကြပါတယ်။

“ဘုန်းကြီးကျောင်းမှာ အစာရေစာပေါတယ်။ နေစရာအကျယ်အဝန်းရှိတယ်။ အမိုးအကာအောက်မှာ နေရတယ်။ ဘုန်းကြီးကျောင်းတော်တော်များများမှာ ရေနဲ့မီးပြည့်စုံတယ်။ အဲဒါကြောင့် စစ်ဘေးရှောင်တွေက ဘုန်းကြီးကျောင်းကိုပြေးကြတာများတယ်။” လို့ ဘုန်းကြီးကျောင်းတွေကို ဒေသခံတွေအားကိုးရတဲ့အချက် တချက်ကို ဦးဇင်းဂျောင်းဂျောင်းက မိန့်ပါတယ်။

ရွာဘုန်းတော်ကြီးကျောင်းတွေဟာ ရွာရဲ့ ဘာသာရေးအပြင် သာရေးနာရေး၊ ပညာရေး၊ လူမှုရေးကိစ္စအဝဝနဲ့ အခြားသော အရေးကြီးကိစ္စတွေမှာလည်း ဘုန်းတော်ကြီးတွေနဲ့ ဘုန်းကြီးတွေဟာ အရေးပါလှပါတယ်။ 

ဘုန်းကြီးကျောင်းတွေမှာ တရားဟောရာမှာသုံးတဲ့ အသံချဲ့စက်လိုမျိုးတွေ ရှိတတ်တဲ့အတွက် ရွာအရေး၊ နိုင်ငံအရေးကိစ္စတွေမှာ အသံချဲ့စက်တွေကနေတဆင့် ရွာသူ/ရွာသားတွေကို ဆင့်ခေါ်လူစုတာတွေဟာ ယခင်ကတည်းက ရှိခဲ့တယ်လို့ ဆက်လက် မိန့်ပါတယ်။

“သူတို့(စစ်ကောင်စီ) မနေရဘူးဆိုရင် ဒီနေရာကို ရန်သူလို့သတ်မှတ်တယ်။ ဘုန်းကြီးကိုလည်း သတ်ဖို့ ဝန်မလေးပါဘူး။ နောက်တခါ ဘုရားပြိုမှာကိုလည်း ဖြိုရမှာလည်း ဖျက်ရမှာလည်း ဝန်မလေးဘူး"

အခုကာလမှာတော့ စစ်ရှောင်တွေပုန်းခိုစရာအပြင် စစ်ကောင်စီတပ်တွေတပ်စွဲတာ၊ စစ်ကြောရေးလုပ်တာနဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စည်းရုံးဟောပြောတာ၊ အလှူအတန်းနဲ့ မင်္ဂလာဆွမ်းကျွေးပြုလုပ်တာတွ လုပ်တတ်ကြတဲ့အတွက် လူစုဝေးဖြစ်နေပြီး ဗုံးကြဲတိုက်ခိုက်မှု နဲ့ စီးနင်းပစ်ခတ်မှုတွေမှာ အစုလိုက်အပြုံလိုက်ဖြစ်ကာ လူသတ်ကွင်းသဖွယ်ဖြစ်ခဲ့ရတယ်လို့ လက်နက်ကိုင်တပ်ဖွဲ့ဝင် ရဲမေတွေက ဆိုပါတယ်။

 

လုံခြံမှုမရှိတော့တဲ့ သာသနာ့နယ်မြေ

စစ်ကောင်စီဟာ ဖမ်းဆီးစစ်ဆေးမှုတွေကို ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ မှာလုပ်လေ့ရှိပြီး တိုက်ခိုက်မှုတွေကိုလည်း ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေကို ကာဗာလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

“ဘုန်းကြီးကျောင်းတွေက ကျနော်တို့ပြည်သူတွေအတွက် လုံခြုံမှုမရှိပေမယ့် သူတို့အတွက်ကြတော့ ခြေကုပ်ယူကာဗာလုပ်စရာနေရာဖြစ်နေတာ။ သူတို့က ဘုန်းကြီးကျောင်းထဲမှာ လူသတ်ဖို့ ဘုန်းကြီးကျောင်းကိုဖျက်ဖို့ ဝန်မလေးပေမယ့် ကျနော်တို့ကတော့ ဘုန်းကြီးကျောင်းထဲမှာ တိုက်ပွဲဖော်ဆောင်တာမလုပ်ချင်ဘူး။ ဒါကိုလည်း သူတို့ကကောင်းကောင်းသိနေတယ်”  လို့ မကွေးတိုင်းထဲက တက္ကသိုလ်ကျောင်းသား CDM၊ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာတွေက ဘုန်းတော်ကြီးကျောင်း၊ ဘုရားစေတီနဲ့ စာသင်ကျောင်းတွေက ထင်ရှားပြီးသားအမှတ်အသားတွေဖြစ်တဲ့အတွက် စစ်တပ်ကအပြန်အလှန်ကြေးနန်းသတင်းပို့တဲ့အခါ ပိုမိုလွယ်ကူသလို အရေးကြီးဖြစ်တဲ့ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းအကာကွယ်အတွက်လည်း အဆင်ပြေလို့ ရွေးချယ်စခန်းချကြတယ်လို့ စစ်သားဟောင်းတဦးကပြောပါတယ်။

“အခုနောက်ပိုင်းကတော့ ဘုန်းကြီးကျောင်းတွေမှာ တော်လှန်ရေးအင်အားစုတွေ အစည်းအဝေးလုပ်တာ၊ ဆွေးနွေးဟောပြောတာ၊ အလှူလုပ်တာတွေက သတင်းပေးရှိတဲ့အခါ လေကြောင်းကနေ တည်နေရာနဲ့ ဗုံးကြဲပစ်ခတ်ရတာပိုလွယ်ကူတယ်။ တနေရာထဲ လူအများကြီးနေတော့ အစုအပြုံလိုက်သေဆုံးနိုင်ခြေများတယ်။ ထင်ရှားတဲ့နေရာတွေက ပိုမလုံခြုံလေပါပဲ။” လို့ သူကဆိုပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ဖြစ်စဉ်အများစုမှာလည်း သာသနာ့နယ်မြေတွေနဲ့ စာသင်ကျောင်း၊ အခမ်းအနား၊ ဆွေးနွေးပွဲနဲ့ အလှူမင်္ဂလာအထိမ်းအမှတ်တွေမှာ ဖြစ်ပွားမှုများတာကို တွေ့ရပါတယ်။

“သူတို့ကဘုန်းကြီးကျောင်းတွေမှာ တပ်စွဲတယ်။ ပြည်သူတွေကိုဒုက္ခပေးတယ်။ လူသေဆုံးမှုတွေရှိတယ်။ ဒီဘက်တွေမှာတော့ ဘုန်းကြီးကျောင်းတွေမှာ မပြေးတော့ဘူး၊ တောထဲမှာ ပုန်းရှောင်တာများတယ်။ ဘုန်းကြီးကျောင်းတွေမှာ လုံခြုံမှုမရှိတော့ဘူး။” လို့ မကွေးတိုင်း၊ နတ်မောက်နယ်ဘက်မှာ လှုပ်ရှားနေတဲ့ တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစု ရဲမေ ဇာမဏီ ကပြောပါတယ်။

လက်ရှိကာလမှာတော့ ဘုန်းကြီးကျောင်းတွေမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာ၊ ဗုံးကြဲခံရတာတွေ များလာတဲ့အတွက် စစ်ရှောင်အများစုနဲ့ ဒေသခံတွေဟာ ဘုန်းတော်ကြီးကျောင်းတွေမှာ ရှောင်တိမ်းတာတွေကို ရှောင်ရှားလာကြပြီး မထင်မရှားနေရာတွေကို ပိုရွေးချယ်လာကြတယ်လို့ ကျားသစ်နက်တပ်မတော်က ရဲမေ ခက်ခက်ခိုင်က ဆိုပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်း၊ သာသနာ့နယ်မြေတွေနဲ့ ထင်ရှားတဲ့အမှတ်အသားရှိတဲ့ နေရာတွေမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း တပ်မစွဲဖို့ လူစုလူဝေးမလုပ်ကြဖို့ သူမက တိုက်တွန်းပါတယ်။

အလားတူ ပေါက်မြို့နယ်က တော်လှန်ရေးအင်အားစုဝင် ကျောင်းဆရာမတဦးကလည်း “အဓိကကတော့ ပြည်သူတွေ အသက်ပေါ့၊ လေယာဉ်နဲ့ တလုံးဗုံးကြဲပြီဆို ပြည်သူတွေ လေးငါးခြောက်ဆယ်၊ ဒီအထဲမှာ သာသနာ့နယ်မြေထဲမှာမှ ဆရာတော်တွေပါ ထိခိုက်သွားတာကြားရတယ်။ ပြည်သူတွေအသက်တွေကို အထိအခိုက်နည်းဖို့ သာသနာနယ်မြေ၊ ကျောင်းတွေ၊ ရုံးတွေကို ရှောင်မှကို ပြည်သူတွေအသက်နဲ့ တော်လှန်ရေးအဖွဲ့တွေ အသက်တွေက ရှည်မှာဖြစ်ပါတယ်။” လို့ အကြံပြု ပြောဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုများစွာထဲက လက်ထုတ္တောကျေးရွာဖြစ်စဉ်ဟာ စစ်အာဏာရှင်တွေကြောင့် သာသနာ့နယ်မြေတွေထဲ သွေးစွန်းခဲ့ရတဲ့ ထင်ရှားတဲ့ ဖြစ်စဉ်တခုအဖြစ် မှတ်တမ်းကျန်ရစ်ပါတယ်။

အဲဒီဖြစ်စဉ်မှာ သတ်ဖြတ်မခံရမီ ရွာသူ/ရွာသားတွေဟာ ဘုန်းကြီးကျောင်းတွေကို အသက်အန္တရာယ် လုံခြုံမယ်အထင်နဲ့ အားကိုးတကြီး ဝင်ရောက်ရှောင်ပုန်းခဲ့ကြတယ်လို့ ကျန်ရစ်သူနဲ့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေကတော့ပြောဆို ကြပါတယ်။

လက်တွေ့မှာတော့ ဘာသာရေးနဲ့သာသာနာ့နယ်မြေတွေဟာ စစ်ကောင်စီကြောင့် မလုံခြုံရာ၊ လူသတ်ကွင်းတွေ ဖြစ်နေပါတယ်။

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #စစ်တပ် #အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု #သာသနာ့နယ်မြေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10