လူသတ်မှုနဲ့ တရားစွဲခံရသူ LPDF ခေါင်းဆောင်ကို အချုပ်မှ ယာယီပြန်လွှတ်ပေး၊ LPDF ခေါင်းဆောင်ကို နယ်ခံတွေက ကြိုဆို

လူသတ်မှုနဲ့ တရားစွဲခံရသူ LPDF ခေါင်းဆောင်ကို အချုပ်မှ ယာယီပြန်လွှတ်ပေး၊ LPDF ခေါင်းဆောင်ကို နယ်ခံတွေက ကြိုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာက ဓားပြမှု လူသတ်မှုမှာပါဝင်ခဲ့တဲ့သူကို ဖမ်းဆီးထားစဥ် သေဆုံးသွားလို့ဆိုပြီး NUG လက်အောက်ခံ ပကဖတပ်ရင်း(PDF)တခုက ဒေသကာကွယ်ရေးတပ်(LPDF)ခေါင်းဆောင် ကိုဗျတ်ဝိကို ဖမ်းဆီးကာ လူသတ်မှုနဲ့ တရားစွဲဆိုထားရာက ယာယီခွင့်နဲ့ ပြန်လာစဥ်ဒေသခံတွေက ကြိုဆိုနှုတ်ဆက်ဂုဏ်ပြုကြတယ်လို့ သိရပါတယ်။ 

ကိုဗျက်ဝိဟာ အခုနှစ် မတ်လ ၄ ရက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စက်တင်ဘာ ၄ ရက်မှာ အချုပ်မှ ယာယီခွင့် ၁၅ ရက်နဲ့ ရွှေဘိုမြို့နယ်အနောက်ခြမ်းက သူ့တပ်ဖွဲ့ဆီကို ခဏပြန်လာတာလို့ သိရပါတယ်။

"ကျွန်မတို့က ယုံကြည်ကြောင်း၊ သူပြန်လွတ်လာတာကိုရော သူ့အပေါ်မှာရော ပြည်သူတွေက မျှော်လင့်နေတယ် ဆိုတာပြဖို့အတွက် ကျွန်မတို့တရွာလုံး ထွက်ကြိုကြတယ်"လို့ ဒေသခံအမျိုးသမီးကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်က ရွှေဘိုမြို့နယ်၊ ချီပါမြောက်ရွာမှာ အပေါင်ဆိုင်ဖွင့်လှစ်ထားသူ ဦးမောင်အေးရဲ့ နေအိမ်ကို မျက်နှာဖုံးတပ်ထားတဲ့ လက်နက်ကိုင်လူတစုက ဝင်ရောက်ဓားပြတိုက်ခဲ့ရာမှာ ချီပါတောင်ရွာသား ကိုပြောင်ကြီးဆိုသူပါဝင်တာကို မိသားစုက သိမြင်သွားတဲ့အတွက် ဓားပြတိုက်သူတွေဟာ ရွှေ ၁၀ ကျပ်သား၊ ဆိုင်ကယ် ၃ စီး၊ ငွေသားကျပ် သိန်း ၄၀ တို့ကို ယူဆောင်သွားတဲ့အပြင် အိမ်ရှင် ဦးမောင်အေးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်ကြပါတယ်။ 

အဲ့ဒီနောက် ဓားပြမှုမှာပါဝင်ပြီး အိမ်ရှင် ဦးမောင်အေးကို သတ်ဖြတ်ခဲ့တဲ့ ချီပါတောင်ရွာသား ကိုပြောင်ကြီးကို ရွှေဘိုမြို့နယ်ပကဖက တာဝန်ပေးမှုအရ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုဗျက်ဝိက ဖမ်းဆီးခဲ့ရာမှာ ဖမ်းဆီးထိန်းသိမ်းထားစဉ် ကိုပြောင်ကြီးဟာ သေဆုံးသွားခဲ့ပါတယ်။ 

အဲ့ဒီနောက် သေဆုံးသူကိုပြောင်ကြီးအလောင်းကို သင်္ဂြိုဟ်ပြီးချိန်မှာ ဝက်လက်မြို့နယ်ပကဖတပ်ရင်း ၂ က ဓားပြမှုမှာ ပါဝင်ခဲ့တဲ့ ကိုပြောင်ကြီးဟာ သူတို့တပ်ဖွဲ့ဝင်ဖြစ်တယ်ဆိုပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုဗျက်ဝိကို လူသတ်မှုနဲ့လာရောက်ဖမ်းဆီးခဲ့ပါတယ်။

"ကိုဗျက်ဝိက သူ့သဘောအရ လက်လွတ်စပယ်လုပ်လိုက်တာ တခုမှမရှိဘူး။ အကုန်အထက်ကို တင်ပြခဲ့တယ်။ ထိန်းသိမ်းမှုညံ့ဖျင်းလို့ အသတ်သေသွားတာတော့ ပြောစရာရှိတာပေါ့" လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

ဓားပြတိုက်၊ လူသတ်မှုမှာ ပါဝင်ခဲ့တဲ့ ဝက်လက်မြို့နယ်ပကဖတပ်ရင်း ၂ တပ်ဖွဲ့ဝင် ကိုပြောင်ကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုဗျက်ဝိအပါအဝင် တခြားဒေသခံ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင် ၅ ဦး၊ တပ်ခွဲမှူး ၁ ဦးနဲ့ ရဲဘော် ၁ ဦး၊ စုစုပေါင်း ၇ ဦးကို ရွှေဘိုခရိုင်စစ်ဒေသကွပ်ကဲရေးရုံးက ဖမ်းဆီးခဲ့ပါတယ်။ 

အခုအချိန်ထိ ကိုဗျက်ဝိအပါအဝင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေ အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး ဓားပြတိုက်ခံရမှုကတော့ ဒီနေ့အထိတရားခံမပေါ်သေးပါဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒေသခံတွေက အမျိုးသားညီညွတ်ရေးအစိုးရ(NUG )ကို တိုင်ကြားထားပြီး ဒီနေ့အထိ ဖြေရှင်းမှုတစုံတရာလုပ်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး မြေလတ်အသံဌာနက ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်ဦးမောင်မောင်ဆွေကို မေးမြန်းရာမှာ ဒီအမှုဟာ ဥပဒေကြောင်းအရ ဆက်လက်စိစစ်ဆောင်ရွက်နေဆဲဖြစ်တာကြောင့် ကြန့်ကြာနေတာ ဖြစ်ပြီး တရားရုံးက အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ဖြေကြားထားပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ချီပါကျေးရွာ #ဓားပြမှု #လူသတ်မှု  #ဝက်လက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10