လူသေဆုံးအောင် တိုက်ပြေးသွားတဲ့ကားက ကျွဲပွဲမြို့အုပ်ချုပ်ရေးမှူးပိုင် လိုင်စင်မဲ့ကားဖြစ်

လူသေဆုံးအောင် တိုက်ပြေးသွားတဲ့ကားက ကျွဲပွဲမြို့အုပ်ချုပ်ရေးမှူးပိုင် လိုင်စင်မဲ့ကားဖြစ်

ပဲခူးတိုင်း၊ အုတ်တွင်းမြို့မြောက်ဘက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ သုသာန်ကျောင်းဟောင်း၊ ကူကြီးကုန်းလမ်းဆုံအနီးမှာ အမျိုးသား ၁ ဦးကို ဝင်တိုက်ပြီး ထွက်ပြေးသွားတဲ့ကားမှာ  ကျွဲပွဲမြို့အုပ်ချုပ်ရေးမှူးရဲ့ လိုင်စင်မဲ့ကားဖြစ်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၉ ရက် ည ၁၀ နာရီခန့်မှာ တောင်ငူဘက်ကနေ အုတ်တွင်းမြို့ဘက်ကို ဆိုင်ကယ်နဲ့ပြန်လာတဲ့ အသက် ၄၅ နှစ်ဝန်းကျင်ရှိ ဦးသိန်းလွင် ကြက်သွန်ခင်း ၁ ရပ်ကွက်၊ မြန်မာ့စီးပွားရေးဘဏ်လမ်းကြားနေသူကို အိမ်စီးကား ၁ စီးမှ  အရှိန်နဲ့ဝင်တိုက်ပြီး မောင်းပြေးသွားခဲ့တာလို့ ဆိုပါတယ်။

" တိုက်သွားတဲ့ကားက ကျွဲပွဲမြို့မှူး အေးဟန်စီးတဲ့ကား။ တောင်ငူကနေ ဝယ်ထားတဲ့ လိုင်စင်မဲ့ကား။ အေးဟန်က စစ်မှုထမ်းပို့ထားတဲ့ တောင်ပိုင်းတိုင်း(စစ်ဌာနချုပ်)ထဲမှာ ဂျူတီကျနေတော့ သူ့ကားကို မြင့်ဇော်(အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဝင် ၁)ကို ပေးထားတာ။" လို့ ကျွဲပွဲဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ဦးသိန်းလွင်မှာ ဆိုင်ကယ်နဲ့ပေ ၅၀ ခန့်အကွာမှာ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာခြေထောက် ၂ ချောင်းစလုံး ကျိုးကြေဒဏ်ရာတွေနဲ့ နေရာမှာပဲသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပြေးသွားတဲ့ကားမှာ Honda Fit အမျိုးအစား (အဖြူရောင်) လိုင်စင်မဲ့၊ နံပါတ်ပြားအတုတပ်ဆင်ထားတဲ့ ကားဖြစ်ပြီး ရှေ့ဘန်ပါကွဲထွက်၊ ရှေ့ဘီးပေါက်၊ ညာမီးသီးကွဲပြီး အုတ်တွင်းမြို့၊ နဝေဒေးရပ်ကွက်အတွင်း မောင်းပြေးသွားတာကို မျက်မြင်တွေ့သူတွေရှိတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ စုံစမ်းချက်အရ အဆိုပါကားကို ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၃၈ လမ်းခွဲ အောက်ဘက်ရှိ “ကိုရခိုင်” ကားဝပ်ရှော့မှာ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်ပြီးနောက် သေဆုံးသွားသူ ဦးသိန်းလွင်ရဲ့ရုပ်အလောင်းကို ဒေသခံတွေက အုတ်တွင်း ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးပြီးနောက်  နိုဝင်ဘာလ ၁၀ ရက်မှာ အုတ်တွင်းမြို့ အနောက်ဘက် သုဿန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

အုတ်တွင်းမြို့ပေါ်မှာ လောင်းကစားဝိုင်းတွေကို မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဝင်တွေရဲ့ခွင့်ပြုချက်မရှိဘဲ ပေါ်ပေါ်တင်တင် လောင်းကစားလုပ်တာမျိုးမရှိပေမယ့် ဦးသိန်းလွင်ရဲ့နာရေးမှာတော့ အံဂလုံဝိုင်း၊ ဖဲဝိုင်းတွေလုပ်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်အတွင်း ယာဥ်မောင်းသူမှာ အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဝင် ၁ ဗိုလ်မှူး မြင့်ဇော် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပြီး အဲ့ဒီယာဥ်တိုက်မှုကို အုတ်တွင်းမြို့မရဲစခန်းကလည်း သေမှုသေခင်းနဲ့သာ အမှုဖွင့်ထားကာ ယနေ့အထိ တရားခံကို ရှာဖွေဖမ်းဆီးတာမျိုး လုပ်ဆောင်တာမရှိသေးဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အုတ်တွင်းမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူး မြင့်ဇော်ထံ မြေလတ်အသံက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဗိုလ်မှူး မြင့်ဇော် ဟာ အုတ်တွင်းအခြေစိုက် အမှတ် ၆ တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက ၆) တပ်ရင်းက ဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် အုတ်တွင်းမြို့နယ်စစ်ကောင်စီမှာ အဖွဲ့ဝင် ၁ အဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ယာဉ်တိုက်မှု #သေဆုံး #ဗိုလ်မှူးမြင့်ဇော် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10