လူ ၁၀ ဦးကျော်လိုက်ပါလာတဲ့ လိုက်ထရပ်ကား ဆွမ်းဦးပုညရှင်ဘုရားတောင်တက်လမ်းမှာ တိမ်းမှောက်

လူ ၁၀ ဦးကျော်လိုက်ပါလာတဲ့ လိုက်ထရပ်ကား ဆွမ်းဦးပုညရှင်ဘုရားတောင်တက်လမ်းမှာ တိမ်းမှောက်

၁ ဦးသာဒဏ်ရာရပြီး ယာဉ်ပေါ်ပါသူအားလုံး အန္တရာယ်ကင်း

စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင်ဘုရားတောင်တက်လမ်းမှာ အလှူလုပ်ဖို့လာတဲ့ လိုက်ထရပ်(Light Truck)ယာဉ်တစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့လို့ ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တောင်တက်လမ်းရှိ ရတနာမဉ္ဇူ ဘုန်းကြီးကျောင်းမှာ လှူဒါန်းမှုတွေပြုလုပ်မယ့် လူ ၁၀ ဦးကျော်(၁၂ ဦးခန့်) လိုက်ပါလာတဲ့ကားဖြစ်ပြီး စက်တင်ဘာ ၂၄ ရက် ဒီကနေ့မနက် ၁၀ နာရီကျော်က တောင်တက်လမ်းတနေရာ (ဒေသအခေါ် မကိုဋ်ကွေ့အနီး)မှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

"ကားကတောင်တက်ရင်းနောက်ကိုပြန်လိမ့်တာ။ မထိန်းနိုင်တော့ဘေးကိုမှောက်သွားတာ။ မိုးကလည်း ရွာနေတယ်။ တောင် စအတက်ကိုမှ ဘီးချော်ပြီးမှောက်တဲ့ပုံစံပါ။ တောင်အမြင့်က ပေ ၁၀၀၀ ကျော်လောက်ရှိမယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အလှူရှင်တွေဟာ ရွှေဘိုမြို့နေထိုင်သူတွေဖြစ်ပြီး ရတနာမဉ္ဇူဘုန်းကြီးကျောင်းမှာ ၎င်းတို့ရဲ့ကျောင်းနေအရွယ်ကလေးတွေကို အပ်နှံထားတာကြောင့် ကလေးတွေကိုလည်းလာတွေ့ရင်း ဘုန်းကြီးကျောင်းကို လှူဖွယ်ပစ္စည်းလှူဒါန်းဖို့လာတဲ့ကားဖြစ်ကာ ကားပေါ်မှာ လူတွေအပြင် ဆန်အပါအဝင် လှူဖွယ်ပစ္စည်းအချို့လည်းပါလာတယ်လို့ သိရပါတယ်။

ယာဥ်တိမ်းမှောက်တာကြောင့် အသက် ၄၅ နှစ်ကျော်အရွယ် အမျိုးသမီး ၁ ဦးသာ ခြေထောက်ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကာ ကျန်သူအားလုံးအထိအခိုက်မရှိခဲ့ဘဲ ဒဏ်ရာရအမျိုးသမီးကို စစ်ကိုင်း ကုတင်၂၀၀ ဆေးရုံကြီးမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

စာတည်း- ဟိန်းစံ

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10