လေကြောင်းပစ်ကူပေးတဲ့ ပေါက် တိုက်ပွဲမှာ စစ်သား ၅ ဦးနဲ့ ပျူ ၂၃ ဦး သေဆုံးဟု ဆို (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်း - ရွာသစ်ရွာအကြားမှာ တပ်စွဲထားတဲ့ စစ်သား၊ ရဲ၊ ပျူ‌စောထီးတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ်ခဲ့ရာ စစ်သား ၅ ဦးနဲ့ ပျူစောထီး ၂၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်ဆီက သိရပါတယ်။

ဇွန်လ ၁၁ ရက် မနေ့ကမနက် ၅ နာရီကနေ ၆ နာရီ ၄၅ မိနစ်လောက်အထိ ၂ နာရီနီးပါးကြာ ကာကွယ်ရေးတပ်ဖွဲ့ ၇ ဖွဲ့ပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီမနက် ၈ နာရီလောက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုင်တာ ၂ စီးနဲ့ လာပစ်သွားသေးတယ်လို့ ဆိုပါတယ်။

"တပ်ကုန်း-ရွာသစ်ရွာအကြားက ပျူစခန်းမှာ ခလရ ၂၅၃ စစ်သားနဲ့ ရဲ အယောက်၂၀ လောက်ရှိပြီး ပျူအင်အားနဲ့ဆိုရင် ၈၀ ကျော်လောက်ရှိတယ်၊ ကျနော်တို့ ပစ်ခတ်တာမှာ ** ၅ ကောင်နဲ့ ပျူ ၇ ကောင်သေတယ်၊ ကျန်တဲ့ ဝါးရင်းတုတ်တွေ၊ ဓါးတွေ၊ လှံတွေကိုင်ထားတဲ့ အရံပျူလုပ်နေတဲ့ ၁၆ ကောင်လည်း သေတယ်။ သူတို့ဘက်က အားနည်းနေတဲ့အချိန် မနက်စောစော ကျနော်တို့ ဝင်ပစ်တာ အဲ့မှာထိကုန်တာ" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးစာရင်းနဲ့ ပျက်စီးမှုအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

နှစ်ဘက်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဂျက်ဖိုင်တာ ၂ စီးနဲ့  ၂၅ မိနစ်လောက် လာရောက်ပစ်ကူးပေးတဲ့အချိန် ရဲဘော်တွေဘက်က အချိန်မီနောက်ဆုတ်နိုင်ခဲ့ပြီး ထိခိုက်မှုမရှိဘဲ စခန်းထဲဝင်ရောက်ပစ်ခတ်ချိန်မှာ ရဲဘော် ၃ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ခလရ  ၂၅၃ ကစစ်သားတွေ တပ်စွဲထားတဲ့ တပ်ကုန်း-ရွာသစ်ရွာ အကြားမှာရှိတဲ့ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ လက်လုပ်သေနတ် ၇ လက် ရရှိပြီး ပျူစောထီး‌နေအိမ် ၃၅ လုံးကို မီးရှို့နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို မြိုင်ပကဖ ရင်း(၃) ခွဲ(၂၊၄)မှ တပ်စိတ်များ၊ ပခုက္ကူမြို့ပြပြောက်ကျား၊ ပေါက်မြို့နယ် YRF တပ်ဖွဲ့၊ ပခုက္ကူခရိုင် PDFရင်း (၁၁/၁၈)၊ PKU Earthquakeအဖွဲ့၊ ပေါက်ပကဖ၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့ စုစုပေါင်း ၇ ဖွဲ့လောက်က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပေါက် #ပျူစခန်းတိုက်ခိုက်မှု #စစ်သား #ရဲ #ပျူစောထီး #PDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10