လေတပ်ကစစ်သားကို ထိုးကြိတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထားပြီး တာဝန်မှူးနဲ့ စခန်းမှူးကို စုံခုံဖွဲ့စစ်ဆေးနေ

လေတပ်ကစစ်သားကို ထိုးကြိတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထားပြီး တာဝန်မှူးနဲ့ စခန်းမှူးကို စုံခုံဖွဲ့စစ်ဆေးနေ

မကွေးမြို့ အမှတ် ၂ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တချို့ အချုပ်ဖြင့်ဖမ်းဆီးခံထားရပြီး တာဝန်မှူးနဲ့စခန်းမှူး စုံခုံဖွဲ့ပြီးစစ်ဆေးခံနေရတယ်လို့ မကွေးစစ်ကောင်စီ၊ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

မေလ ၃၁ ရက်နေ့က စစ်ကောင်စီမကွေးလေတပ်စစ်သားက အမှတ် ၂ ရဲစခန်းမှူးကို ထိုးကြိတ်တာကြောင့် စခန်းအတွင်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေက လေတပ်သားကိုဝိုင်းဝန်းထိုးကြိတ်ခဲ့လို့ လက်ရှိမှာ ထိုးကြိတ်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းချုပ်ထားတယ်လို့သိရပါတယ်။

ဒါ့အပြင် ရန်ဖြစ်တဲ့ဖိုင် လူမှုကွန်ယက်ပေါ်ပြန့်နှံ့ခဲ့တာနဲ့ပတ်သက်လို့ အဲ့ဒီနေ့က တာဝန်မှူးကျတဲ့ ရဲအရာရှိနဲ့ ရဲစခန်းမှူးကိုတော့ စုံခုံဖွဲ့ပြီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

"စခန်းတခုလုံးတော့မဟုတ်ဘူးလို့သိရတယ်။ အဲ့ဒီနေ့က တပ်ကလူကိုဝိုင်းထိုးတဲ့ထဲမှာပါတဲ့ သူတွေတော့ အချုပ်ကျနေတယ်။ စခန်းမှူးနဲ့အဲ့ဒီနေ့က တာဝန်ကျတာဝန်မှူးနဲ့ကိုတော့ ဗီဒီယိုဖိုင်ရိုက်တဲ့ကိစ္စနဲ့ စခန်းထဲရန်ဖြစ်တာကြောင့် အုပ်ချုပ်မှုလျော့နည်းဖြစ်စဥ်နဲ့ စုံ/ခုံ (စုံစမ်းစစ်ဆေးရေးခုံရုံး) ဖွဲ့ထားတယ်။ စုံ/ခုံပြီးလို့ သက်/ချုပ်(သက်သေခံအကျဥ်းချုပ်) ထွက်လာမှ သူတို့ကိုဖမ်းချုပ်သင့်/မသင့်ဆိုတာမျိုး ဆက်သွားမှာ" လို့ မကွေးရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီအမှတ် ၂ ရဲစခန်းဖြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့ စခန်းတခုလုံးဖမ်းဆီးထားတာမျိုးမရှိဘဲ ရဲတပ်ဖွဲ့ဝင်တချို့ကိုဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး အမှတ် ၂ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်အားလုံးရဲ့မိုဘိုင်းလ်ဖုန်းတွေကိုတော့ သိမ်းဆည်းထားတာရှိတယ်လို့ မကွေးမြို့စစ်ကောင်စီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီတောင်တွင်းလမ်းပေါ်က အမှတ် ၂ ရဲစခန်းမှာ စစ်ကောင်စီတပ်ကတပ်စွဲထားတာမျိုးတော့မတွေ့ရဘူးလို့ မကွေးမြို့ခံတွေဆီက သိရပါတယ်။

အဆိုပါဖြစ်စဥ်ဖြစ်ပွားမှုနဲ့ ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင် လူမှုကွန်ယက်ပေါ်ပြန့်နှံ့ခဲ့တာနဲ့ပတ်သက်လို့ မကွေး အမှတ် ၂ ရဲစခန်းက တပ်ဖွဲ့ဝင်တွေအပြင် မြို့နယ်၊ ခရိုင်၊တိုင်း ရဲတပ်ဖွဲ့ဝင်တွေပါ စစ်ဆေးခံနေရတာတွေရှိတယ်လို့ မကွေးရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံကသိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10