လေပြင်းကြောင့် နေအိမ်ပေါ်သစ်ကိုင်းပိလို့ ကလေးငယ် ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

လေပြင်းကြောင့် နေအိမ်ပေါ်သစ်ကိုင်းပိလို့ ကလေးငယ် ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ မိုးရွာလေပြင်းတိုက်လို့ နေအိမ်ပေါ်သစ်ပင်လဲကျတာကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီခွဲခန့်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ချောက်မြို့ အမှတ် (၁၄)၊ ဇောတိကရပ်ကွက်ရှိ ဒေါ်သိန်းကြည် နေအိမ်ပေါ်ကို ကုက္ကိုလ်ကိုင်းပြတ်ကျပြီး နေအိမ်ပေါ်ပိမိခဲ့တယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

"မနေ့က မိုးကလည်း တော်တော်ကောင်းတယ်။ လေကလည်းကောင်းတယ်။ သူတို့အိမ်နားမှာရှိတဲ့ ကုက္ကိုလ်ပင်ကနေ အကိုင်းကြီးပြတ်ကျတာ အိမ်ပေါ်တည့်တည့်ကျတာ။ မိသားစုတွေက အိမ်ထဲမှာရှိနေချိန်ဆိုတော့ ထိကုန်တာ။  အိမ်ကလည်း သွပ်မိုး၊ ထရံကာဆိုတော့ အကိုင်းကျတဲ့ အရှိန်နဲ့အိမ်ပါပျက်စီးသွားတယ်"လို့ ပြောပါတယ်။

သစ်ကိုင်းပိလို့ နေအိမ်ထဲရှိနေတဲ့ ၁၁ နှစ်အရွယ် မမေဇင်ကိုမှာ သစ်ကိုင်းပိမိပြီး ဦးခေါင်းကွဲဒဏ်ရာ အပါအဝင် ဒဏ်ရာတွေရကာ နေရာမှာသေဆုံးခဲ့သလို ဒေါ်သိန်းကြည် ၅၉ နှစ်အပါ ကျန်မိသားစုဝင် ၅ ဦးမှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

သေဆုံးထိခိုက်ဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်းတွေက ချောက်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး နေအိမ်ပေါ်ပိနေတဲ့ သစ်ကိုင်းဖယ်ရှားတာအပါအဝင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို မီးသတ်၊ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ချောက် #လေပြင်းတိုက်ခတ် #သစ်ကိုင်းကျိုး #လူသေဆုံးမှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10