"လေယာဉ်တွေကို တိုက်ရိုက်ပစ်ခတ်မဖျက်ဆီးနိုင်သေးရင် လေယာဉ်ပြေးလမ်းတွေကိုဖျက်ဆီးတာ ထိရောက်တယ်"

"လေယာဉ်တွေကို တိုက်ရိုက်ပစ်ခတ်မဖျက်ဆီးနိုင်သေးရင် လေယာဉ်ပြေးလမ်းတွေကိုဖျက်ဆီးတာ ထိရောက်တယ်"

မြေပြင်စစ်ကြောင်းထိုးရာမှာ အထိနာနေသည့်စစ်ကောင်စီတပ်က စစ်ရေးဗျူဟာပြောင်းသည့် အနေဖြင့် ယခု ၂၀၂၃ ခုနှစ်ပိုင်းတွင် လေကြောင်းကို အဓိကအားထားပြီး တိုက်ခိုက်ဖျက်ဆီးမှုများ လုပ်ဆောင်လာသည်။ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ စခန်းတည် နေရာများအပြင် အရပ်သားပြည်သူအများစုနေထိုင်သည့် ကျေးရွာများကိုပါ ဦးတည်တိုက်ခိုက်လာနေခြင်း ဖြစ်သည်။

ယခုနှစ်ပိုင်းအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ နိုင်ငံတဝှမ်း ၂၅ ကြိမ်နှင့်အထက် ရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုများထဲမှ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ တိုက်ခိုက်မှုဖြစ်စဥ်မှာ ထိခိုက်မှုအများဆုံးဖြစ်ပြီး ဒေသခံပြည်သူရာကျော် သေဆုံးခဲ့ရသည်။

တဆက်တည်းမှာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း စစ်ကောင်စီလေတပ်စခန်းများကို ပြန်လည်၍ ပစ်မှတ်ထားတိုက်ခိုက်လာနေသည်။ ယခုဧပြီလထဲမှာတင် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ ဧလာလေတပ်စခန်းနှင့် ရန်ကုန်ရှိ မင်္ဂလာဒုံလေတပ်စခန်းတို့ တိုက်ခိုက်ခံခဲ့ရသည်။

ယခုလို စစ်ကောင်စီလေတပ်စခန်းတွေကို ပစ်ခတ်တိုက်ခိုက်ခံရမှုများ၊ တော်လှန်ရေးနယ်မြေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်များနှင့် ပက်သက်ပြီး CDM လေတပ်အရာရှိတဦး၏ အမြင်နှင့် သုံးသပ်ချက်များကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားသည်။

မေး - စစ်ကောင်စီလေတပ်စခန်းတွေ တိုက်ခိုက်ခံရမှုတွေ ဖြစ်လာတဲ့အတွက် စစ်တပ်အနေနဲ့ အထိနာလာတယ်လို့ ပြောနိုင်လား၊

ဖြေ - အထိနာတယ်၊ မနာဘူးဆိုတာကတော့ ဒီဘက်က တိုက်ခိုက်သူတွေရဲ့ ကျွမ်းကျင်မှုပေါ်မှာ မူတည်တာပေါ့။ မင်္ဂလာဒုံလေဆိပ်ကို ရှော့တိုက်ဒုံးနဲ့ပစ်သွားတဲ့ အပိုင်းတွေမှာလည်း လေယာဥ်ပြေးလမ်းမှာ အပေါက်ကြီးတွေ ဖြစ်သွားတယ်။ လေယာဥ်ပြေးလမ်း ပျက်စီးသွားတယ်။ အပြည်ပြည်ဆိုင်ရာလေဆိပ်တခုမှာ အဲ့ဒီလိုဖြစ်သွားတဲ့အတွက်ကြောင့်လည်း စကစရဲ့ ပုံရိပ်က နိုင်ငံတကာမျက်နှာစာမှာ တော်တော်လေး နိမ့်ကျသွားနိုင်တဲ့ အနေအထားတွေတွေ့ရတယ်။ ရှော့တိုက်ဒုံးရဲ့ အနေအထားက ၄ မိုင်လောက်ကနေပစ်နိုင်တဲ့ အနေအထားရှိတဲ့အခါကျတော့ ရှော့တိုက်ဒုန်းတဂန်း အကွာအဝေးမှာ လှည့်ကင်းပတ်ကင်းတွေ၊ ဒါမှမဟုတ် ဒရုန်းလိုဟာမျိုးတွေ၊ နောက်ပိုင်း သတင်းထောက်လှမ်းရေးတွေနဲ့ လုပ်လာနိုင်တဲ့ အနေအထားလည်းရှိတယ်။ ထပ်ပြီးကြားရတဲ့အနေအထားဆိုရင် မင်္ဂလာဒုံလေဆိပ်မှာ အပစ်မခံရခင်ကလည်း လေယာဥ်တွေကို နေရာရွေ့ပြောင်းတာတွေ လုပ်တယ်။ အပြင်ကနေ လေယာဥ်တွေကို လမ်းသွားလမ်းလာတွေ မမြင်ရအောင် အကာအရံတွေလုပ်တယ်ဆိုတဲ့ သတင်းတွေလည်းကြားနေရတယ်။

နောက်ပိုင်းမှာ အခြားလေတပ်စခန်းတွေမှာလည်း လေယာဥ်တွေကိုနေရာရွေ့ပြောင်းတာတို့၊ အကာအရံလုပ်တာတို့ လေယာဥ်တွေကိုဖွက်မယ့် အစီအစဥ်တွေလည်း ကျနော်တို့နောက်ပိုင်းသတင်းတွေ ကြားနေတယ်။

မေး - ပြီးခဲ့တဲ့ရက်ပိုင်းက ဧလာလေတပ်စခန်းတိုက်ခိုက်ခံရတယ်လို့ သိရတယ်။ အဲဒီ တပ်စခန်းက စစ်ကောင်စီအတွက် ဘယ်လောက်အရေးပါတဲ့ လေတပ်ဖြစ်မလဲ။

ဖြေ - ဧလာလေတပ်က အရေးပါတာသေချာတယ်။ ဧလာလေတပ်မှာ အခုနောက်ပိုင်း ကျနော်တို့သိတာက အဓိကတော်လှန်ရေးနယ်တွေမှာသုံးနေတဲ့ Mi 35 ရဟက်ယာဥ်နဲ့ Yak 130 လေယာဥ်တွေကို ဧလာမှာရွေ့ထားတယ်လို့ ပြောတယ်။ ဧလာဆိုတာက နေပြည်တော်နဲ့အနီးဆုံး။ သူတို့အမြင်မှာတော့ လုံခြုံမှုအကောင်းဆုံးတယ်လို့ သုံးသပ်မှာပေါ့။ ပြီးတော့ ဧလာလေတပ်နဲ့ တံတားဦးလေတပ်မှာ Yak 130 လေယာဥ်တွေကို ခွဲထားတယ်လို့ ကြားတယ်။

မေး - ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လေတပ်စခန်းကို တိုက်ခိုက်မယ်ဆိုရင် ဘယ်စခန်းတွေကို တိုက်ရင် ထိရောက်မှုအရှိဆုံးဖြစ်မလဲ။

ဖြေ - အဓိကကတော့ ခုနောက်ပိုင်းတော်လှန်ရေးနယ်မြေတွေမှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ လေယာဥ်တွေရှိတဲ့ တပ်ဌာနတွေကို ထိခိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ တကယ်တမ်း တော်လှန်ရေးနယ်မြေတွေမှာ သုံးနေတာက Mi 35 ရယ်၊ Yak 130၊ MiG 29 ရယ်၊ ပြီးတော့ သူတို့နောက်ဆုံးမှဝယ်ထားတဲ့ Su-30 SME လေယာဥ် ၄ မျိုးပေါ့နော်။ အဲဒီလေယာဥ် ၄ မျိုးကိုအဓိက ထားပြီးသုံးနေတာလေ။ အဲဒီလေယာဥ်တွေရှိတဲ့နေရာတွေက တောင်ငူ ရှိတယ်၊ တံတားဦး၊ မှော်ဘီ၊ ဧလာမှာရှိတယ်။ အဲဒီနေရာတွေက အဓိကလေယာဥ်အုပ်ကြီးတွေပေါ့။ အဲဒီအုပ်ကြီးတွေကို တိုက်နိုင်မယ်ဆိုရင်တော့ ကျနော်တို့အတွက် ထိရောက်မှုပိုရှိမှာပေါ့။

ဒါပေမယ့် ခုနောက်ပိုင်းကျတော့ လေယာဥ်သိုလှောင်ရုံတွေမှာ ဒရုန်းနဲ့လာချလို့မရအောင်လို့ ဂျန်ဘာတွေ ထားတယ်။ အဲ့လိုမျိုးတွေ ထားထားတဲ့အခါကျတော့ အဲ့ဒီနေရာထိရောက်အောင် တိုက်ရိုက်သွားပြီး ရှော့တိုက်ဒုံးနဲ့ ပစ်ဖို့ဆိုတာကလည်း တော်လှန်ရေးသမားတွေဘက်မှာကျတော့ အားနည်းချက်တွေလည်း ရှိသေးတာ။

လေယာဥ်တွေကို တိုက်ရိုက်ဖျက်ဆီးနိုင်ရင်တော့ ကောင်းတာပေါ့၊ တိုက်ရိုက်မဖျက်ဆီးနိုင်ဘူး ဆိုရင်လည်း လေယာဥ်ရှိမယ့်နေရာကို ခက်ခက်ခဲခဲသွားပြီး အသတ်နဲ့ ရင်းပြီးလုပ်မယ့်အစား လေယာဥ်တက်မယ့် ပြေးလမ်းတွေမှာ တခုခုဖျက်ဆီးနိုင်တယ်ဆိုရင် အသက်အန္တရာယ်ကလည်း လေယာဥ်ရှိတဲ့နေရာကို သွားရတာလောက် မနီးကပ်ဘူးပေါ့လေ။

လေယာဥ်ပြေးလမ်းရဲ့ အလယ်ကိုမကျဘူးဆိုရင်တောင် အစွန်အဖျားတွေကို ကျသွားတယ်ဆိုရင်ပဲ လေယာဥ်ရဲ့ High speed နဲ့တက်တာဆင်းတာတွေကျ Pilot (လေယာဥ်မှူး)ကို အနည်းနဲ့အများ စိတ်အနှောက်အယှက်ဖြစ်သွား စေနိုင်တာပဲလေ။ နောက်တခုက ဒီလေယာဥ်ပြေးလမ်းကို ကောင်းကောင်းဖျက်ဆီးထားနိုင်မယ်ဆိုရင် ရုတ်တရက်ပြန်ပြင်ဖို့ဆိုတာက အနည်းဆုံးတော့အချိန် ၁ ပတ်လောက်ယူရမယ်။

မေး - စစ်ကောင်စီရဲ့လေတပ်ကို ကာကွယ်ရေးအဖွဲ့တွေက ပိုပြီးတိုက်ခိုက်လာရင် ဘာတွေ ဖြစ်လာနိုင်လဲ။

ဖြေ - မြေပြင်မှာ တော်လှန်ရေးသမားတွေနဲ့ စကစတပ်တွေ တိုက်ခိုက်ကြတယ်ဆိုတာ စစချင်းကလို တူးမီးလေးတွေနဲ့ တိုက်ကြတဲ့အနေအထားမဟုတ်တော့ဘူးလေ။ သူမောင်းပြန် ကိုယ်မောင်းပြန် အနည်းဆုံးလက်လုပ်တွေနဲ့ ပြန်တိုက်နေကြတဲ့အနေအထားမှာ သူတို့ဟာသူတို့ အတွေ့အကြုံဘယ်လောက်ပဲ ရှိနေရှိနေ အဓိကက စိတ်ဓါတ်ပဲ။ စိတ်ဓါတ်နဲ့ ကျနော်တို့က တိုက်နေကြတာ။ အဲ့တော့ တော်ရုံစစ်မြေပြင်တွေမှာဆိုရင် စကစတွေက ပြေးမယ်၊ အဖမ်းခံမယ်၊ လက်နက်ချမယ်၊ သူတို့စိတ်ထဲမှာ အဲ့ဒါပဲရှိတော့တာ။

သူတို့ အဓိကအားကိုးနေတာက လေတပ်တွေကိုပဲ အဓိကအားကိုးနေတာ။ ရေတပ်ဆိုတာမျိုးက ကမ်းနားတောက်လျောက်ပဲ ရတာလေ။ ရေတပ်ကတော့ ကျနော်တို့တော်လှန်ရေးသမားတွေအတွက် သိပ်ဂရုစိုက်စရာကို အနေအထားမရှိဘူး။

လေတပ်ကိုကျတော့ ကျနော်တို့က ဘယ်လောက်ပဲ လွတ်မြောက်နယ်မြေအော်နေနေ၊ ကန့်သတ်မှုတွေများနေလို့ သူတို့စစ်ကြောင်းမထိုးနိုင်ဘူးပဲပြောပြော လေယာဥ်ကတော့ အချိန်မရွေးရောက်လာနိုင်တာ။ စကစဘက်က လေယာဥ်တွေပျံနိုင်နေရင် ကျနော်တို့ဆီမှာ လွတ်မြောက်နယ်မြေရှိဖို့ဆိုတာက တော်တော်ခက်ခဲနေတဲ့ အနေအထားလေ။ တော်လှန်ရေးနယ်မြေတွေမှာ နေ့ရောညပါ ဒုက္ခပေးနေတာကလည်း လေတပ်ကပဲ ဒုက္ခပေးနေတာ။ လေတပ်ကို ကောင်းကောင်းဟန့်တားနိုင်မယ်ဆိုရင် သိပ်အများကြီးလုပ်စရာမလိုဘူး။

Pilot တွေကလည်း လူပဲ၊ ကျနော်တို့သေမှာကြောက်သလို သူတို့လည်း သေမှာကြောက်တာပဲ။ ကျနော်တို့က ပိုင်ဆိုင်မှုကိုအကုန်လုံးစွန့်လွှတ်ပြီးမှ ထွက်လာခဲ့တဲ့သူတွေ၊ သူတို့မှာက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို စည်းစိမ်ယစ်မူးပြီးခါမှ သူတို့အဘကို သူတို့ဆက်ပြီးသစ္စာခံနေတဲ့ အပိုင်းတွေမှာ ခံယူချက်ခြင်းကအရမ်းကွာနေပြီ။ အဲ့တော့ ကျနော်တို့သေမှာကြောက်တာထက် သူတို့ကအစတရာပိုပြီး သေမှာကြောက်တယ်။

အဲ့တော့ တက်လာတဲ့လေယာဥ်တွေကို အနည်းဆုံး ၃ စီးလောက် ပစ်ချနိုင်တဲ့ အနေအထားဆိုရင် လေတပ်ပျက်ပြီ။ ဘယ် Pilot မှ သူ့အသက်ကိုစွန့်ပြီးတော့ လေယာဥ်ပစ်လက်နက်ရှိတဲ့နေရာကို စွန့်စွန့်စားစားမလာဘူး။

နောက်တခုရှိတာက ပွင့်ပွင့်လင်းလင်းပြောရရင် လေတပ်က ပိုင်းလော့တွေမှာက ထရိန်နီအတွေ့အကြုံပဲ ရှိတာ။ ဥပမာ သူတို့ရဲ့ အခြေစိုက်က မှော်ဘီ ဒါမှမဟုတ် ပုသိမ်ပဲထား၊ ထရိန်နီဧရိယာသက်မှတ်လိုက်တယ်၊ လွတ်လွတ်လပ်လပ် ပျံသန်းလို့ရမယ့်နေရာတွေမှာ ဧရိယာသက်မှတ်လိုက်တယ်၊ အဲဒီကိုတက်သွားတယ်၊ လေယာဥ် ၉၅ ရာခိုင်နှုန်းလောက်က Fly hour ကို အချိန်တနာရီပေးထားတာ၊ လေ့ကျင့်ချိန် ၁ နာရီပေးထားတာ။

ပိုင်းလော့တယောက်ကိုဆိုလည်း ထရိန်နီပါဝါဘယ်လောက်ဆိုပြီး limit တွေချထားပေးတယ်။ အဲအချိန်တွင်းမှာ ပျံတယ်။ ဟိုပတ်ဒီပတ်လုပ်တယ်။ နာရီဝက်နဲ့ ၄၅ မိနစ်ကြားမှာ သူတို့ပြန်လာတယ်။ ၁ နာရီပြည့်အောင် ပျံမလာတဲ့အတွက် ပိုတဲ့လေယာဥ်ဆီကို ခိုးထုတ်ပြီးရောင်းစားတယ်။ အဲ့ဒီအကျိုးအမြတ်အတွက်ကိုပဲ ပိုင်းလော့တွေရဲ့ ခေါင်းထဲမှာ တော်တော်များရှိတဲ့အတွက်ကြောင့် ထရိန်နီအတွေ့အကြုံတောင် နာရီ ၁ ထောင်ရှိတဲ့ Pilot တယောက်ရဲ့ အတွေ့အကြုံက ၅၀၀ နဲ့ ၇၀၀ ကြားမှာပဲရှိတယ်။ တိုက်ပွဲအတွေ့အကြုံဆိုလို့ အာဏာမသိမ်းမီက ပိုင်းလော့တွေမှာ ဘာမှမရှိဘူး။

ဒီ Pilot တွေရဲ့ အတွေ့အကြုံနဲ့ စိတ်ဓါတ်က ကျနော်တို့ တော်လှန်ရေးသမားတွေထက်စာရင် အများကြီး နိမ့်ကျတယ်။ ဒါ့ကြောင့် ဒီလေယာဥ်ကို ၁ စီး ၂ စီးလောက်ပစ်ချနိုင်ပြီဆိုရင် လေတပ်ပွဲပျက်ပြီ။ လေတပ်ပျက်တာနဲ့အတူ မြေပြင်မှာရှိတဲ့ကျနော်တို့ တော်လှန်ရေးသမားတွေရဲ့ တိုက်ရည်ခိုက်ရည်နဲ့ စိတ်ဓါတ်ကလည်း တိုက်ရိုက်အချိုးကျပြီး တက်လာမှာပဲ။ သူတို့ စိတ်ဓါတ်ပျက်သလောက် ကျနော်တို့ဘက်က တက်လာမှာပဲ။

အဓိက ဒုက္ခပေးနေတာက လေယာဥ်ကပေးနေတာ။ တောထဲမှာတကယ်တိုက်နေတဲ့ တော်လှန်ရေးသမားတွေဆိုတာမျိုးက တော်တော်များများက လေယာဥ်နဲ့ပက်သက်ပြီး ဘာအတွေ့အကြုံမှ မရှိကြဘူးလေ။ တချို့ဆိုရင် လေယာဥ်တောင် ကောင်းကောင်းမြင်ဖူးကြတာ မဟုတ်ဘူး။

အဲ့တော့ လေယာဥ်အသံကြားတာနဲ့ ကင်းထောက်လေယာဥ်လား၊ ထရန်စပို့လေယာဥ်လား၊ ဖိုက်တာလေယာဥ်လားဆိုတာကို သူတို့မခွဲတတ်ဘူး။ လေယာဥ်သံကြားပြီးဆိုတာနဲ့ ကျနော်တို့ တော်လှန်ရေးသမားတွေမှာ ကိုယ်လုပ်ရမယ့်အလုပ်ကို ပြီးအောင်မလုပ်နိုင်ပဲနဲ့ အကာကွယ်ယူရတဲ့ဟာမျိုး တွေရှိနေတာပေါ့။ ဒီလေယာဥ်တွေသာ မရှိဘူးဆိုရင် ကျနော်တို့တော်လှန်ရေးသမားတွေဟာ စကစကို တယောက်ချင်းဖြစ်ဖြစ် ယှဥ်တိုက်ဖို့အတွက်က ဘယ်လိုမှနောက်ရွံ့နေမှာမဟုတ်ဘူး။

မေး - လက်ရှိအနေအထားကိုရော ဘယ်လိုခန့်မှန်းထားလဲ။

ဖြေ - ကျနော်တို့ဘက်က လေယာဥ်ကို ကောင်းကောင်း မဟန့်တာနိုင်ခင်မှာ သူတို့ဘက်က ရှိသမျှလေယာဥ်တွေကို ပုံအောပြီး လေယာဥ်အားကိုးနဲ့ တိုက်ပွဲကိုအမြန်ဖျက်မယ့်သဘောလည်း ဖြစ်သွားနိုင်တယ်၊ သေချာတာကတော့ လေတပ်ကိုပဲ သုံးပြီးအဆုံးဖြတ်ယူမယ့် သဘောရှိတယ်။ NUG ကလုပ်တဲ့ လေယာဥ်ပရောဂျက်ကလည်း နှောင့်နှေးနေတာဆိုတော့ သူတို့အတွက်က အားသာချက် ဖြစ်နေတာပေါ့။ အဲ့ဒါကြောင့်လည်း လေယာဥ်ပစ်လက်နက်မရှိပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ Pilot တွေက စိတ်ကြိုက်ချေမှုန်းလို့ရနေတာပေါ့။ စုစုပေါင်း ၁၅ စီး (Mi 35) ရှိတာမှာ ၂ စီးကမီးလောင်ပြီး ကျသွားတယ်၊ အဲ့တော့ ၁၃ စီးကျန်တယ်လေ၊ လေယာဥ်တွေရဲ့ နှုန်းထားအတိုင်းဆိုရင် ၇ စီး၊ ၈ စီးလောက်တော့ သုံးလို့ရမယ့်အနေအထားမှာ ရှိသေးတယ်။

မေး - နောက်ထပ်ဖြည့်စွက်ပြောချင်တာရော ရှိသေးလား။

ဖြေ - နောက်ထပ်ဖြည့်စွက်ပြောချင်တာကတော့ လေယာဥ်တွေကို ထိထိရောက်ရောက် လုပ်နိုင်တာက ပိုကောင်းတယ်ဆိုပေမယ့် တကယ်တမ်းတိုင်းပြည်ဟာ ဒီမိုကရေစီရလာပြီ၊ စစ်ကောင်စီပြုတ်ကျသွားပြီးတဲ့အချိန်၊ ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်ကို ကိုယ့်ဘာသာစီမံနိုင်ပြီဆိုတဲ့ အနေအထားမျိုးမှာ နိုင်ငံတော်ကာကွယ်ရေးက ဆက်ရှိနေရအုံးမှာပဲလေ။

အခုချိန်ကတော့ တော်လှန်ရေးကာလမို့၊ ကိုယ့်ဘက်ကလူတွေကလည်း အထိနာနေလို့ လေယာဥ်တွေကို တိုက်တာတို့ ဖျက်စီးတာတို့ လုပ်တယ်ဆိုပေမယ့် လေယာဥ်တစီးရဲ့တန်ဖိုးကတော့ ဒေါ်လာကို သန်းနဲ့ချီပြီး ပေးရတာ။ အဲ့လေယာဥ်တွေကို ပစ်ခတ်လို့နိုင်သွားတယ်ပဲ ထားအုံး၊ ကျနော်တို့ပြန်ပြီး တည်ဆောက်ရမယ့် ဖက်ဒရယ်နိုင်ငံတော်မှာ လေတပ်ကြီးပြုတ်ပြုတ်ပြုန်းသွားလို့လည်း မဖြစ်ဘူး။

ဒီလေယာဥ်တွေကို အကောင်းဆုံးကျနော်တို့လက်ထဲကို ရောက်ဖို့ဆိုရင် လေယာဥ်တွေကို ဖျက်ဆီးမယ့်အစား လေယာဥ်ပြေးလမ်းတွေကို ဖျက်ဆီးတာက ပိုပြီးတော့ ထိရောက်တယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ကတော့ ဒီလေယာဥ်ကွင်းက သုံးလို့မရဘူးဆိုရင် သုံးလို့ရတဲ့ လေယာဥ်ကွင်းကို ပြောင်းမှာပဲ။

ဒါပေမယ့် ပြဿနာမရှိဘူး။ မြန်မာပြည်မှာ ဖိုက်တာတွေ သုံးခဲ့တဲ့လေယာဥ်ကွင်းက ၁၀ ကွင်းထက်မပိုဘူး။ ပြီးတော့ မြစ်ကြီးနားလေယာဥ်ကွင်းတို့၊ နန့်ဆန်လေယာဥ်ကွင်းတို့၊ မှော်ဘီလေယာဥ်ကွင်းတို့ဆိုတာက ရှော့တိုက်ဒုံးနဲ့မှီတဲ့နေရာတွေချည်ပဲ။

အဲလိုနေရာမျိုးတွေမှာ ရှော့တိုက်ဒုန်းတွေနဲ့ လေယာဥ်ကွင်းတွေကိုသာ များများဖျက်ထားနိုင်မယ်ဆိုရင် ဒီလေယာဥ်တွေဟာ တော်လှန်ရေးပြီးတဲ့အချိန်ကျရင် တော်လှန်ရေးသမားတွေ လက်ထဲကိုပဲရမှာပါ။ ကျနော်တို့နိုင်ငံအတွက် တချိန်ချိန်မှာ ပြန်သုံးလို့ရနိုင်တာပေါ့နော်။ ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10