သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ Star Link အင်တာနက်နဲ့ CDMA ဖုန်းအသုံးပြုခွင့် ပိတ်သိမ်းတယ်လို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မိုးကုတ် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၁၂ ရက် နေ့စွဲနဲ့ စာထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၁၁ ရက်ညပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုခံရပြီးနောက် မိုးကုတ်မြို့မှာ အသုံးပြုလို့ရနေတဲ့ CDMA နဲ့ Star Link အင်တာနက် အသုံးပြုခွင့်ပိတ်လိုက်တာလို့ ဆိုပါတယ်။
" တပ်ဖွဲ့တွေကိုတော့ပေးသုံးပါတယ်။ ပြည်သူတွေအသုံးပြုခွင့်ပိတ်လိုက်တာ ဟုတ်ပါတယ်"လို့ မိုးကုတ်မြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဖုန်းလိုင်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ထားပေမယ့် CDMA ကမ်းရိုးတန်းဖုန်းလိုင်းနဲ့ Star Link အင်တာနက်တွေ အသုံးပြုလို့ရနေတာလည်း ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၁ရက် ညပိုင်းက မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၉ ဦးသေဆုံး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီးတဲ့နောက် မြို့တွင်း ဖုန်းအရောင်းဆိုင်တွေအားလုံးကိုပါ ဖြန့်ဝေထားပြီး အခုလိုဖုန်းလိုင်းနဲ့ အင်တာနက်အသုံးပြုခွင့်ပိတ်တဲ့ အမိန့်စာထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စာသင်ကျောင်းနဲ့ ကျောက်မြတ်ရောင်းဝယ်ရေးနေရာတွေမှာလည်း လူစုလူဝေးပြုလုပ်ခွင့်ပိတ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
" လူစုလူဝေးဖြစ်မှာစိုးလို့ ထင်တယ်။ အဲ့လိုဖြစ်နိုင်တဲ့နေရာတွေ ပိတ်ခိုင်းထားတယ်"လို့ မြို့ခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လကလည်း ယခုလိုလေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသ လက်အောက်ရှိ PDF ထိန်းချုပ်မြို့နယ်တွေမှာ Star Linkအင်တာနက် အသုံးပြုခွင့်ကန့်သတ်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ပုံစာ - စစ်ကောင်စီရဲ့ နိုဝင်ဘာ ၁၁ ရက်ည လေကြောင်းတိုက်ခိုက်မှုပြီးနောက် တွေ့ရသည့် မိုးကုတ်မြို့မှ အဆောက်အဦအချို့။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မန္တလေး #မိုးကုတ် #CDMA ဖုန်း #Star Link အင်တာနက် #လူစုဝေးခွင့်ပိတ်
Share Share Share