လေယာဥ်နဲ့ပစ်လို့ သေဆုံးခဲ့တဲ့ တပ်မိသားစုဝင်ရဲ့ လသားကလေးကို PDF ကယ်ထုတ် (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်ပွဲအတွင်းမှာ လေယာဥ်နဲ့ပစ်လို့ သေဆုံးခဲ့တဲ့ တပ်မိသားစုဝင်ရဲ့ လသားအရွယ် နို့စို့ကလေးငယ်တဦးကို PDF တွေက ကယ်ထုတ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂ ရက်ကစပြီး မုန်းမြို့က စစ်ကောင်စီတပ်ရင်းတွေကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းယူဖို့ ကြိုးစားနေရင်း ဒီဇင်ဘာ ၃ ရက်မှာ မှောက်လျက်သေဆုံးနေတဲ့ မိခင်ရဲ့ ဘေးမှာ အဲဒီကလေးကို PDF တွေက တွေ့ခဲ့ရပြီး ကယ်ထုတ်ခဲ့ကြတာပါ။ 

စခန်းသိမ်းတိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီတပ်ရင်း ခမရ ၅၉၀ နဲ့ ၅၉၉ က တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ PDF တွေဘက်ကို အလင်းဝင်ဖို့ ပြေးလာချိန် စစ်ကောင်စီက လေယာဥ်နဲ့ တိုက်ခိုက်ခဲ့လို့ မိခင်ဖြစ်သူသေဆုံးခဲ့တာလို့ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ ၂ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက် ညနေပိုင်းမှာ KNLA ပူးပေါင်းတပ်တွေက ခမရ ၅၉၀ ကို ဝင်ရောက်ရှင်းလင်းချိန်မှာ လေယာဥ်ဗုံးစတွေ နောက်ကျောနဲ့ ရင်ဘတ်မှာ မှန်ပြီးသေဆုံးနေတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးရဲ့ အလောင်းနားမှာ အဲ့ဒီမိန်းကလေးငယ်ကို တွေ့ခဲ့ရတာလို့ သူက ဆိုပါတယ်။ 

လက်ရှိမှာတော့ ကလေးငယ်ကို ဘေးကင်းတဲ့နေရာကို ပို့ထားသလို နို့တိုက်မိခင်တဦးနဲ့ အတူ ပြုစုစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်ကစပြီး မုန်းမြို့မရဲစခန်း၊ ခမရ ၅၉၀၊ ခမရ ၅၉၉၊ သံတံတားထိပ်ဂိတ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက အင်အား ၁၀၀၀ ကျော်အသုံးပြုပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၄ ရက်မှာ အဲ့ဒီစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ၁၀၀ ကျော်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အဆင့်ရှိ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦးအပါအဝင် အရာခံအကြပ်စစ်သည် ၂၁ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး တပ်မိသားစုဝင် ၅၈ ဦးကိုလည်း ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#တပ်မိသားစု #မုန်းတိုက်ပွဲ #ကလေး #မုန်းသတင်း #စစ်ကောင်စီ #ပဲခူးတိုင်း #PDF #KNLA #လေကြောင်းတိုက်ခိုက် #သတင်း #မြေလတ်သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10