လေယာဥ်ဗုံးကြောင့် ပြည်သူ ၇ ဦးသေဆုံးထားတဲ့ရွာကို ဗုံးထပ်ကြဲလို့ အမျိုးသမီး ၂ ဦး ထပ်မံသေဆုံး

လေယာဥ်ဗုံးကြောင့် ပြည်သူ ၇ ဦးသေဆုံးထားတဲ့ရွာကို ဗုံးထပ်ကြဲလို့ အမျိုးသမီး ၂ ဦး ထပ်မံသေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ ကောလင်းဒေသခံ ၁ ဦးဆီက သိရပါတယ်။  

အောက်တိုဘာ ၂၁ ရက် မနေ့က မနက် ၁၀ နာရီကျော်၊ ၁၀ နာရီခွဲဝန်းကျင်နဲ့ ၁၁ နာရီလောက်မှာ တံတားဦးလေတပ်ကတက်လာတဲ့ Yak-130 ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် စုစုပေါင်းဗုံး ၆ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။ 

“ရွာလယ်ကောင်ထဲ ချသွားတာပါ၊ လူစည်တဲ့နေရာတွေ၊ တောက်လျှောက်ဝဲလာပြီး တခါတည်း တန်းချသွားတာ၊ တန်းချပြီး တံတားဦးပြန်လှည့်သွားတာ။”လို့ ကောလင်းဒေသခံ ၁ ဦးက ပြောပါတယ်။

လေကြောင်းကြဲချိန် ဗုံးစထိမှန်ပြီး ဥက္ကံကျေးရွာက မရည်မွန်ငြိမ်း ၂၇ နှစ်ဝန်းကျင်နဲ့ မနွယ်နီထွန်း ၃၀ နှစ်တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဒေါ်ချိုဝင်း ၅၈ နှစ် (စိုးရိမ်ရ)၊ ကိုညီညီထွန်း ၃၆ နှစ်၊ ကိုစွမ်းထက်အောင် ၂၁ နှစ်၊ ဦးမြင့်အောင်၊ ဒေါ်မပု ၄၈ နှစ်၊  ဦးခင်မောင်လင်း ၄၈ နှစ်၊ ဦးသန်းလှိုင်နဲ့ အောက်ကလုံးကျေးရွာက ဒေါ်ပြုံးပြုံးအေး (စိုးရိမ်ရ)တို့ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း ဥက္ကံကျေးရွာထဲက ကားဝပ်ရှော့ရုံကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဥက္ကံရွာဒေသခံတွေနဲ့ ကောလင်းကစစ်ရှောင်လာတဲ့ ပြည်သူတွေ စုစုပေါင်း  ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါသေးတယ်။ 

လက်ရှိမှာ ကောလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာပြီးနောက် မြေပြင်သတင်းပေါက်ကြားမှုတွေမရှိဖို့နဲ့ ဘေးကင်းဖို့အတွက်ဆိုကာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း Starlink အသုံးပြုခွင့်တွေ ယာယီပိတ်ထားတယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၂၁ ရက် မနေ့ကအထိ ကောလင်းမြို့နယ်ထဲက တဂေါင်းအိုင်၊ ရွာသစ်၊ ဥက္ကံ၊ ကုက္ကိုလ်ကုန်း စတဲ့ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ပြည်သူ ၁၂ ဦး သေဆုံးကာ ၂၃ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #ဥက္ကံ #လေကြောင်းတိုက်ခိုက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10