လောက်ကိုင် လောင်းကစား ဘယ်ကိုရွေ့သွားနိုင်လဲ (အတွေးအမြင်)

လောက်ကိုင် လောင်းကစား ဘယ်ကိုရွေ့သွားနိုင်လဲ (အတွေးအမြင်)

ရေးသားသူ - Miko

မြန်မာနိုင်ငံ၏ အရှေ့မြောက်ဒေသ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ လောက်ကိုင်မြို့ဟာ ကိုးကန့်တိုင်းရင်းသားတွေရဲ့ဌာန ကိုးကန့်ဒေသမှာတည်ရှိပြီး တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) စိုးမိုးရာဒေသဖြစ်ခဲ့တာပါ။

ရှမ်းပြည်နယ်‌မြောက်ပိုင်းထဲက လောက်ကိုင်မြို့ကိုတော့ စီးပွားရေးမြို့တော် (သို့မဟုတ်) လောင်းကစား မြို့တော်ဆိုပြီး တင်စားခေါ်ဝေါ်ကြပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်မှာ အရပ်သားအစိုးရအဖြစ် အာဏာရရှိလာတဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (င) မှာ ပြဋ္ဌာန်းထားတဲ့ “ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နဲ့ လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး “ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” အဖြစ် သတ်မှတ်တဲ့ ပြဋ္ဌာန်းချက်”ကို စတင်အသက်သွင်း အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

ကိုးကန့်တို့ဟာ တရုတ်ဘာသာစကားပြော တရုတ်လူမျိုးတွေဖြစ်ကြပြီးတော့ ဒေသလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် ကိုးကန့်တရုတ် ဆိုပြီး ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။

ဒီကနေ့အထိ ကိုးကန့်ဒေသမှာ တရုတ်ဘာသာစကားကို အဓိကပြောဆို ဆက်သွယ်ကြတာ ဖြစ်ပြီး တရုတ် ယွမ်ငွေ သုံးစွဲတာအပြင် တရုတ်နိုင်ငံမှာ အသုံးပြုတဲ့ လူမှုကွန်ရက်မီဒီယာတွေ၊ မိုဘိုင်းဖုန်းလိုင်းတွေကိုပါ အဓိကထား အသုံးပြုကြပြီး တရုတ်နိုင်ငံကို လွယ်ကူစွာ ကူးသန်းသွားလာနိုင်သလို တရုတ်နိုင်ငံကနေလည်း လွယ်ကူစွာ လာရောက်နိုင်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ လောက်ကိုင်မြို့ရဲ့ အဓိကစီးပွားရေးမှာ ဟိုတယ်နဲ့ ကာစီနိုလုပ်ငန်းကို တွဲဖက်လုပ်ကိုင်တာ၊ အွန်လိုင်းလောင်းကစား၊ ကာစီနိုလောင်းကစားလုပ်ငန်းနဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေ အခြေစိုက်ရာဒေသတခု ဖြစ်လာခဲ့တာပါ။

လောက်ကိုင်မြို့က ကာစီနိုလောင်းကစားရုံတွေမှာ အဓိက လာရောက်လောင်းကစားကြသူတွေ ကတော့ တဖက်နယ်စပ်မှ တရုတ်နိုင်ငံသား အများစုဖြစ်ကြပါတယ်။

လောင်းကစားမြို့တော်ဖြစ်တဲ့ လောက်ကိုင်မြို့ဟာ နိုင်ငံသားမှတ်ပုံတင်ရှိရုံနဲ့ သွားရောက် အလုပ်လုပ်ကိုင်လို့ရတဲ့ ဒေသတခုဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်မှာတော့ လာရောက် အလုပ် လုပ်ကိုင်ကြသူ အများအပြားရှိလာတာကို မြင်တွေ့ရပါတယ်။

အဲ့ဒီထဲမှာ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ရန်ကုန်တို့က ဗမာလူမျိုး ပိုမိုများပြားလာပြီး ဘာသာစကားကျွမ်းကျင်ပါက အလုပ်အကိုင် ပိုမိုပေါများသည့်အပြင် လုပ်ခလစာ ရရှိမှုမှာလည်း အခြားသူတွေထက် ပိုမိုများပြားကြောင်း ဒေသခံအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

လောက်ကိုင်‌ဒေသခံတဦးက “တရုတ်စကားနဲ့ တရုတ်စာတတ်ရင်တော့ ပိုပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းက လွယ်ကူပါတယ်။ ဒီမှာကျတော့ တော်တော်များများ စီးပွားရေး လုပ်ငန်းရှင်တွေရော ပြီးတော့ လုပ်ကိုင်နေကြတဲ့ လူတွေ တော်တော်များများက တရုတ်လူမျိုးတွေ ဖြစ်နေတဲ့ အတွက်ကြောင့်မို့ ဒီမှာကတော့ အဓိက တရုတ်စကား၊ စာပေါ့နော်၊ တတ်လို့ ရှိရင်တော့ ပိုပြီးတော့ အဆင်ပြေပါတယ်။  လစာလည်း ပိုများတယ်။ ပြီးတော့ အလုပ်မရှားဘူးပေါ့။ အလုပ်ကို လုပ်ချင်တဲ့ အလုပ် ရွေးလို့ရတာပေါ့။ တကယ်လို့ စကားနဲ့ စာမတတ် ရင်တော့ အလုပ်ကပဲ ပြန်ရွေးရမှာပေါ့။ လက်ရှိ အနေအထားမှာတော့ အောက်ပြည်က (ဗမာတွေပေါ့ ပြောရမယ်ဆိုရင်) အလုပ်သမားတွေက ပိုပြီးတော့ များလာပါတယ်” လို့ ပြောပါတယ်။

လောက်ကိုင်မြို့ရဲ့  အဓိကစီးပွားရေးဟာ ကာစီနိုဖြစ်တာကြောင့် အမျိုးသမီးအများစုက အဲ့ဒီလုပ်ငန်းခွင်မှာ လုပ်ကိုင်ကြသလို အချို့ကတော့ ဈေးရောင်းကြတာတွေရှိကြောင်း၊ ဘာသာပြန်အဖြစ် လုပ်ကိုင်သူများလည်း ရှိကြောင်း၊ အမျိုးသားများအနေဖြင့် ဆောက်လုပ်ရေး၊ ပြည်သူ့စစ်၊ လုံခြုံရေးအစောင့် စတဲ့ အလုပ်တွေကို အဓိက လုပ်ကိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒ့ါအပြင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် လောက်ကိုင်မြို့ဟာ အမှောင်ဘက်အခြမ်းအဖြစ် “ကျားဖြန့်” လို့ ခေါ်ကြတဲ့ လူသိများတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကျက်စားရာဒေသ ဖြစ်လာခဲ့ပြီး အဲ့ဒီအွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ တရုတ်အစိုးရ အလိုရှိနေတဲ့ ရာဇဝတ်ဂိုဏ်းဝင်တွေလည်း ပါဝင်နေတာလို့ သိရပါတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယားတို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ No More Bets လို့ အမည်ပေးထားတဲ့ရုပ်ရှင်ဇာတ်ကားတကားကို ၂၀၂၃ ဩဂုတ်လ ၈ ရက်နေ့က တရုတ်နိုင်ငံမှာ ပထမဆုံးအကြိမ် ရုံတင်ပြသခဲ့ပြီး ရက်ပိုင်းအတွင်း တရုတ်ပြည်သူတွေအကြား တုန်လှုပ်ဖွယ် ရေပန်းစားခဲ့ပါတယ်။

အဲ့ဒီရုပ်ရှင်ကြောင့်ပဲ တရုတ်နိုင်ငံသားတွေ မြန်မာပြည်ကို မသွားကြဖို့ လှုံ့ဆော်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိလာခဲ့တာကြောင့် အဲဒီရုပ်ရှင်ကားဟာ မြန်မာနိုင်ငံပုံရိပ်ကို ညှိုးနွမ်းထိခိုက်စေခဲ့ကြောင်း တရုတ်နိုင်ငံ နန်နင်းမြို့ရှိ စစ်ကောင်စီခန့် ကောင်စစ်ဝန်ချုပ် ကျော်စိုးသိန်းက ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူး Ms. Lian Yin ကို ပြောကြားခဲ့တဲ့သတင်းကိုလည်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ပေကျင်း၊ ဟနွိုင်း၊ ဘန်ကောက်၊ ကွာလာလမ်ပူတို့က အစိုးရအာဏာပိုင် အသီးသီးကို လှုပ်ခတ်မှုဖြစ်သွားစေခဲ့တာပါ။

အကြောင်းအရင်းကတော့ ဘယ်အချိန်ကတည်းက ဘယ်လိုလူကုန်ကူးခံရပြီး ရောက်ရှိနေမှန်း မသိရတဲ့ ထောင်နဲ့ ချီတဲ့ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ မလေးနဲ့ လာအိုနိုင်ငံသားတွေဟာ အဲ့ဒီ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ သားကောင်တွေအဖြစ် ပိတ်လှောင်ခံနေရတာကြောင့်ပါ။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံထားရတာနဲ့ပတ်သက်လို့ ထိုင်းအစိုးရက ပြည်တွင်းလုံခြုံရေး ထိပ်တန်းအရာရှိတဦးဖြစ်တဲ့ ဒု-ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate Hakparn ကို အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ အရေးပေါ်ဆွေးနွေးဖို့ နိုဝင်ဘာလ ၆ ရက်က မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။

ပြီးတော့ ဗီယက်နမ်အစိုးရကလည်း ရန်ကုန်အခြေစိုက် ဗီယက်နမ်သံရုံးမှ တဆင့် လည်းကောင်း၊ တရုတ်အစိုးရနဲ့လည်းကောင်း လောင်ကိုင်မှာ ပိတ်မိနေတဲ့ ရာနှင့်ချီ ဗီယက်နမ် နိုင်ငံသားတွေကို လုံခြုံဘေးကင်းစွာ ကယ်ဆယ်နိုင်ရေး ကြိုးပမ်းလျက်ရှိနေတာပါ။

ဒါ့အပြင်  မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗီယက်နမ်နိုင်ငံသားတွေအတွက် အရေးပေါ် ဖုန်းလိုင်း (Hot Line) တွေ ဖွင့်လှစ်ထားတာ၊ လုံခြုံရေးဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်တာကိုလည်း လုပ်ဆောင်နေတာပါ။

အောက်တိုဘာ ၂၇ ရက်မှာတော့ ဒီအခြေအနေတွေအားလုံးကို ပိုပြီးရှုပ်ထွေးသွားစေ ပါတော့တယ်။

ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့လို့ လူသိများတဲ့ ကိုးကန့် (MNDAA)၊ တအာင်း (TNLA) နဲ့ ရက္ခိုင်တပ်တော် (AA) တို့က စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး “၁၀၂၇ စစ်ဆင်ရေး”ကို ကိုးကန့်ဒေသမှာ စတင်လိုက်တာပါပဲ။

ဒါပေမဲ့ လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ သူဌေးတွေကို စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်တွေနဲ့ သယ်ဆောင်ပေးနေပြီး တဦးကို တရုတ်ငွေ ယွမ် ၇ သိန်း (မြန်မာကျပ်ငွေ သိန်း ၂,၉၀၀) ဝန်းကျင် ပေးရတယ်လို့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

လောက်ကိုင်မြို့အတွင်း ကျားဖြန့်လုပ်ငန်းပိုင်ရှင်တွေ အများအပြား ပိတ်မိနေတာကြောင့် နိုဝင်ဘာ ၁ ရက်‌က စတင်ကာ စစ်ကောင်စီတပ်က အခကြေးငွေယူပြီး သယ်ထုတ်ပေးနေခြင်းဖြစ်ကြောင်းနဲ့ တရက်ကို အနည်းဆုံး နှစ်ကြိမ် လာရောက်သယ်ဆောင်ပေးနေကြောင်း သိရပါတယ်။

လောက်ကိုင်ရှိ ကာစီနိုလုပ်ငန်းတခုမှာ ၂ နှစ်ကျော်လုပ်ကိုင်ခဲ့သူ တဦးက “မြဝတီနဲ့ ဒူဘိုင်း၊ ပြီးတော့ ထိုင်း၊ မလေးရှားတို့ဘက်ကို ပြောင်းသွားတယ် ပြောတယ်။ လေယာဉ်နဲ့ပဲ အလိုအပ်ဆုံးလူတွေကိုပဲ ခေါ်သွားတာ။ မလိုအပ်တဲ့သူတွေကိုတော့ လောက်ကိုင်က သူတို့နေတဲ့နေရာမှာပဲ ထားခဲ့တာ။ ပြီးတော့ အဲဒီသူတွေထဲက တရုတ်တွေဆိုရင်တော့ ဖမ်းခိုင်းတယ်။ ဗမာတွေနဲ့ တိုင်းရင်းသား တွေတော့ မဖမ်းဘူး။ လစာတွေထုတ်ပေးတဲ့ သူဌေးတွေကိုယ်တိုင်က ပြေးနေတာဆိုတော့ ကျန်တဲ့သူတွေက ကုမ္ပဏီမှာ နေချင်သလိုနေ၊ ကျန်ချင်သလို ကျန်ဖြစ်နေတာ။ ဘာမှ ထားပေးခဲ့တာမရှိဘူး။ ခွေးတစ်ကောင်လောက်တောင် တန်ဖိုးမရှိတော့ဘူး။ ဟိုမှာ ကုန်ဈေးနှုန်းကတက်၊ နေ့စဉ်ညတိုင်း လက်နက်ကြီးသံတွေ၊ ပစ်ခတ်သံတွေ ကြားနေရလို့ ပြန်လာတာ”လို့ ပြောပါတယ်။

ကာစီနိုလုပ်ငန်းတွေကတော့ သူတို့ရဲ့ ပစ္စည်းတွေကို သယ်သွားလို့မရတာကြောင့် လောက်ကိုင်မှာပဲ ထားခဲ့ကြရပြီး ရှမ်းမြောက်တိုက်ပွဲမတည်ငြိမ်သေးသ၍ သူတို့ဟာ လောက်ကိုင်ကို ပြန်လာပြီး လောင်းကစားလုပ်ငန်းကို လုပ်ကိုင်ကြဦးမှာ မဟုတ်ဘူးလို့ လားရှိုးဒေသခံတဦးက ပြောပါတယ်။

“အကုန်လုံး ပြေးကုန်ပြီ။ အွန်လိုင်းကာစီနိုဆိုတဲ့ဟာ အကြီးကြီးက ၃၊ ၄ ခုလောက်ရှိတယ် တကယ့်ကာစီနိုပေါ့။ ကျားဖြန့်တို့၊ ဘာတို့မဟုတ်ဘူး။ တကယ့်အကြီးကြီးကိုပြောတာ။ " လို့ ဒေသခံတဦးက ဆိုပါတယ်။

ပြီးတော့ သူက " ရှမ်းမြောက်ကနေ စွန့်ခွာပြီး အခုလက်ရှိလုပ်လို့ရနေတာဆိုရင် တာချီလိတ်တို့၊ မြဝတီတွေ ကျန်သေးတာကို အဲဒီနေရာတွေမှာ သွားအခြေချတာလည်း ဖြစ်နိုင်တာပေါ့။” လို့ သုံးသပ်ပါတယ်။

လောက်ကိုင်ဒေသနဲ့ နီးစပ်သူတွေသုံးသပ်တာကတော့ အခုလက်ရှိ ရှမ်းမြောက်တိုက်ပွဲဟာ ၁ လ ကျော်သာ ကြာမြင့်သေးတာကြောင့် လောင်းကစားလုပ်ငန်းလုပ်ကိုင်တဲ့ သူဌေးတွေအနေနဲ့လည်း အခြေအနေကို စောင့်ကြည့်ကြဦးမယ့် သဘောဖြစ်သလို အခြေအနေမဟန်ပါက တာချီလိတ်၊ မြဝတီစတဲ့ဘက်က ကာစီနို လောင်းကစားလုပ်ငန်းလောကဘက်သို့ ခြေဦးလှည့်သွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

#မြေလတ်အသံ

#ဆောင်းပါး #အတွေးအမြင် #လောက်ကိုင် #တရုတ် #ကျားဖြန့် #လောင်းကစား #အွန်လိုင်း #ကာစီနို #၁၀၂၇စစ်ဆင်ရေး #နယ်စပ်ဒေသ #တာချီလိတ် #မြဝတီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10