လောင်းရိပ်ရှင်းရမယ့် တော်လှန်ရေးအလွန် ရိုးရာလက်ဝှေ့ (အားကစားဆောင်းပါး)

လောင်းရိပ်ရှင်းရမယ့် တော်လှန်ရေးအလွန် ရိုးရာလက်ဝှေ့ (အားကစားဆောင်းပါး)

ရိုးရာလက်ဝှေ့သမိုင်းကို မှတ်တမ်းတွေရှိသလောက် ပြန်လှန်ကြည့်ရင် ဒီရိုးရာအားကစားနည်းဟာ အောင်မြင်မှုအထွတ်အထိပ်ရောက်ခဲ့တဲ့ကာလ မရှိဘူးလို့ပဲ ကောက်ချက်ချရမှာပါ။ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးခေတ်၊ ၁၉၆၂ ကစပြီး စစ်တပ်က အကြိမ်ကြိမ်အာဏာသိမ်းတဲ့ ဒီနေ့ခေတ်အထိ ရိုးရာလက်ဝှေ့ဟာ အဆုံးစွန်အောင်မြင်မှုကို အိပ်မက်မက်နိုင်ဖို့ဝေးလို့ ဆက်လက်ရှင်သန်ရပ်တည်ရေး သက်သက်ပဲ ဖြစ်တည်ခွင့်ရခဲ့တာပါ။

ခေတ်ဆိုးစနစ်ဆိုးမျိုးစုံဖြတ်သန်းရှင်သန်ခဲ့တဲ့ ရိုးရာလက်ဝှေ့အတွက် အမှောင်မိုက်ဆုံးကာလက ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်တွေလို့ပြောရင် လွန်မယ်မထင်ပါဘူး။ ဒီ ၄ နှစ်ကာလ အတွင်း ရိုးရာထိုးသားတွေဟာ ပွဲရှားပါးမှုနဲ့အတူ မွေ၊ ခမာအရိပ်တွေမှာ သွားရောက်မှီခိုရတဲ့အထိ သမိုင်းတလျှောက် အဆိုးရွားဆုံးအခြေအနေ ဆိုက်သွားပါတယ်။

အခုလိုခေတ်ပျက်၊ စနစ်ပျက်နဲ့ကြုံနေရတဲ့အချိန်မှာ စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရမဟုတ်သော အားကစားအဖွဲ့အစည်းတွေကို အပြုသဘောဆောင် ဝေဖန်အကြံပြုတာတွေကလည်း အရာမထင်ဘူးဆိုတာ သေချာပါတယ်။ 

ဒါပေမဲ့ အခုရက်ပိုင်းတွေအတွင်း ဆီးရီးယားတော်လှန်ရေးတပ်တွေရဲ့ အောင်မြင်မှု၊ အာရက္ခတပ်တော်က ရက္ခိုင်ပြည်နယ်ထဲမှာ အာဏာသိမ်းစစ်ကောင်စီကို တောက်လျှောက်ချေမှုန်း အနိုင်ရနေတာတွေကြောင့် ရလာတဲ့ မျှော်လင့်ချက်တွေထဲမှာ ရိုးရာလက်ဝှေ့လောက အထွတ်အထိပ်အောင်မြင်မှုရရှိရေးလည်း ပါလာပါတယ်။

ဒါကြောင့် တော်လှန်ရေးအလွန် “ရိုးရာလက်ဝှေ့အဖွဲ့ချုပ်” မှာ ဖြစ်သင့်တဲ့ ဖြစ်စေချင်တဲ့၊ ပြင်ဆင်သင့်တဲ့ ပြင်ဆင်စေချင်တဲ့အချက်တွေကို စိတ်ကူးရှိသလောက် အတွေးနယ်ချဲ့ပြီး စကားလုံးတွေအဖြစ် ပြောင်းလဲလိုက်မိပါတယ်။

တွဲဆိုင်းရဖို့ ကြိုးဝိုင်းတွင်းစောင့်ဆိုင်းနေတဲ့ ရိုးရာလက်ဝှေ့မျိုးဆက်သစ်များ။
တွဲဆိုင်းရဖို့ ကြိုးဝိုင်းတွင်းစောင့်ဆိုင်းနေတဲ့ ရိုးရာလက်ဝှေ့မျိုးဆက်သစ်များ။

 

■ ခုံဒိုင်၊ ကြိုးဝိုင်းဒိုင်

ရိုးရာလက်ဝှေ့ရဲ့ ရသတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ အဓိကအချက်တွေထဲမှာ မိုက်ကိုင်ထားတဲ့ ခုံဒိုင်လည်း ပါဝင်ပါတယ်။ ပရိသတ်အများစုဟာ ရိုးရာလက်ဝှေ့အားကစားနည်းကို ဖျော်ဖြေရေးအား ကစားအဖြစ် ကြည့်ရှုချင်ကြသူတွေပါ။

တိုက်ခိုက်ရေးအားကစားရသကို နားဝင်မချိုတဲ့ ခုံဒိုင်ရဲ့အသံနဲ့ ဖြတ်သန်းရတဲ့အပြင် ၂ မိနစ်အနားပေး အားမွေးမယ်ဆိုပြီး ဆိုင်းဝိုင်းကို ဟိုသီချင်း၊ ဒီသီချင်း တီးခိုင်း၊ ဆိုခိုင်းတာတွေက ပရိသတ်အတွက်တော့ ဖျော်ဖြေရေးလုံးဝမဆန်တဲ့ နားဒုက္ခသက်သက်သာ ဖြစ်စေပါတယ်။ 

ဒါ့အပြင် ခုံဒိုင်က မိုက်ကိုင်ပြောခွင့်ရနေတာဟာ ပွဲစဉ်တပွဲထိုးသတ်ချိန် ဒိုင်အဖွဲ့ဝင်အားလုံးထဲမှာ အရေးအပါဆုံးဖြစ်တဲ့ ကြိုးဝိုင်းဒိုင်ရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ရာရောက်ပါတယ်။ ထိုးသားနှစ်ယောက် ရင်ဆိုင်ထိုးသတ်တာကို အနီးကပ်စောင့်ကြည့်အကဲဖြတ်နေရတဲ့ ကြိုးဝိုင်းဒိုင်ကို ဟိုဟာလုပ်လိုက်၊ ဒီဟာလုပ်လိုက်လို့ မိုက်နဲ့ပြောနေတဲ့ ခုံဒိုင်ရဲ့ လုပ်ရပ်တွေက ခေတ်နဲ့လည်း မလျော်ညီတော့ပါဘူး။

ကြိုးဝိုင်းဒိုင်တွေရဲ့တာဝန်ထဲမှာ ပွဲစဉ်တပွဲသန့်ရှင်းမျှတစွာ ရင်ဆိုင်ယှဉ်ပြိုင်ဖို့ ကွပ်ကဲပေးရတာအပြင် ကစားသမားအသက်အန္တရာယ် ကင်းရှင်းရေးလည်း ပါဝင်ပါတယ်။ တချို့ကြိုးဝိုင်းဒိုင်တွေက ထိချက်ပြင်းတဲ့ တိုက်ခိုက်မှုကြောင့် ဆက်မယှဉ်ပြိုင်နိုင်တော့တဲ့ကစားသမားကို အချိန်မီကုသမှုပေးဖို့ ပွဲရပ်လုပ်ဆောင်တာမရှိဘဲ မလိုအပ်တဲ့ အမှတ်စဉ်ရေတွက်တာတွေက အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ 

 

■ ဦးခေါင်းနောက်ပိုင်းနဲ့ ကျောရိုးတိုက်ခိုက်မှု

ကစားသမားအသက်အန္တရာယ်ကင်းရှင်းရေးအတွက် ဦးခေါင်းနောက်ပိုင်း(နောက်စေ့)နဲ့ ကျောရိုးနေရာ တိုက်ခိုက်မှုတွေ ခွင့်မပြုတဲ့စည်းကမ်းချက်ကို ရိုးရာလက်ဝှေ့မှာ မဖြစ်မနေသတ်မှတ်ဖို့ လိုအပ်ပါတယ်။ ဒီနေရာတွေထိခိုက်တာက အပြင်းအထန်ဒဏ်ရာရစေတဲ့အပြင် သေစေ‌နိုင်လောက်တဲ့အထိ အန္တရာယ်ရှိတာကိုလည်း ၂၀၁၄ ခုနှစ်က ကြိုးဝိုင်းထဲ အသက်ဆုံးရှုံးခဲ့ရတဲ့ ပဲပြားမောင်မောင်ဖြစ်ရပ်က သက်သေပြခဲ့ပြီးပါပြီ။

 

■ ကြိုးဝိုင်းပေါ် အနားယူချိန် ရေသုံးစွဲမှု

အခုနောက်ပိုင်း ကြိုးဝိုင်းချော်နေလို့ ပွဲထိုးနေရင်း ကစားသမားတွေ ခဏခဏချော်လဲကျတာကို မြင်နေရတာက ရိုးရာလက်ဝှေ့မှာ အထူးအဆန်းတောင် မဟုတ်တော့သလိုပါပဲ။ ဒီလိုမဖြစ်‌အောင် ဖိဖိစီးစီး ကြီးကြပ်မှုမရှိတာတွေကြောင့်ပဲ ရိုးရာရဲ့ရသမှာ ကြိုးဝိုင်းရေစိုပြီး ချော်လဲတာက တွဲမြင်ရလေ့ရှိတဲ့ဖြစ်ရပ်တောင် ဖြစ်နေပါတယ်။

ရေစိုပြီး ချောနေတဲ့ကြိုးဝိုင်းက ရင်ဆိုင်ယှဉ်ပြိုင်နေတဲ့ ကစားသမားတွေအတွက် ထိုးသတ်ဖို့ခက်ခဲစေသလို မတော်တဆဒဏ်ရာအနာတရ ရနိုင်တဲ့အပြင် နိုင်ငံတကာတိုက်ခိုက်ရေး အားကစားတွေထဲမှာလည်း ရိုးရာလက်ဝှေ့ကို ဂုဏ်ငယ်စေပါတယ်။

မွန်ပြည်နယ်လက်ဝှေ့ကလပ်တခုမှာ လေ့ကျင့်နေတဲ့ လက်ဝှေ့သမားများ။
မွန်ပြည်နယ်လက်ဝှေ့ကလပ်တခုမှာ လေ့ကျင့်နေတဲ့ လက်ဝှေ့သမားများ။

 

■ ပွဲကျင်းပတဲ့အဖွဲ့အစည်း (ပရိုမိုးရှင်း) များပြားလာရေး

ရိုးရာလက်ဝှေ့မှာ ပွဲကျင်းပတဲ့ ပရိုမိုးရှင်းများလာရင် အငြင်းပွားစရာဖြစ်နေတဲ့ ‘မြန်မာပြည် အလွတ်တန်းချန်ပီယံ’ ပြဿနာက သူ့အလိုလိုပြေလည်သွားပါလိမ့်မယ်။ ဝိတ်တန်းအလိုက်၊ ပရိုမိုးရှင်းအလိုက် ချန်ပီယံတွေပေါ်ထွက်လာရင် ဝိတ်တန်းငယ်ဖိုက်တာနဲ့ ဝိတ်တန်းကြီးဖိုက်တာတွေအကြား ထိုးကြေးကွာဟချက် ကြီးမားမှုလည်း ကျဉ်းမြောင်းသွားပါလိမ့်မယ်။

လက်ရှိ ရိုးရာလက်ဝှေ့မှာ ပွဲပြီးမီးသေ ကန်ထရိုက်ပွဲတွေများနေတာက ကစားသမားတွေရဲ့ ပုံရိပ်ပျံ့နှံ့မှု၊ နာမည်ကျော်ကြားမှုကို အကန့်အသတ်ရှိစေပါတယ်။ ရေရှည်စီမံချက်နဲ့ ပုံမှန်ပွဲကျင်းပတဲ့ ပရိုမိုးရှင်းတွေကတော့ ပွဲမတိုင်ခင်၊ ပွဲအတွင်းနဲ့ ပွဲအပြီးတွေမှာ သူတို့ပွဲတွေကို လူသိများအောင်လုပ်ကြတာကြောင့် ဖိုက်တာတွေအတွက်လည်း နာမည်ကျော်လူသိများခွင့် ပိုရစေပါတယ်။

 

■ လောင်းရိပ်အောက်က ရိုးရာလက်ဝှေ့

အထက်မှာဖော်ပြခဲ့တဲ့ ရိုးရာလက်ဝှေ့အတွက် အပြုသဘောဆောင်တဲ့အကြံပြုချက်တွေက ခေတ်စနစ်အရ ဘယ်လိုမှ အကောင်အထည်ပေါ်မလာနိုင်တဲ့ အခြေအနေလို့ကောက်ချက်ချနိုင်ပြီး အဲဒီရဲ့ အရင်းအမြစ်က ဘာမှမလုပ်၊ ဘာမှမရှုပ်လို့တွေးထားတဲ့ ‘မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်’ လို့လည်း ပြောနိုင်ပါတယ်။

ရိုးရာလက်ဝှေ့လောကရဲ့ ပြယုဂ်တခုလို့ပြောရမယ့် သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံလို ရိုးရာလက်ဝှေ့သီးသန့်နေရာမျိုးကို စီမံခန့်ခွဲမှုအလွဲတွေ၊ ကိုယ်ကျိုးစီးပွားရှာမှုတွေကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြန်သိမ်းယူရတဲ့အထိ အစွမ်းပြထားတဲ့ ‘မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်’ က ရိုးရာလက်ဝှေ့ရဲ့ လောင်းရိပ်ပါပဲ။

ရိုးရာလက်ဝှေ့ကို ကမ္ဘာကသိတဲ့ ရိုးရာတိုက်ခိုက်ရေးအားကစားအဖြစ် တော်လှန်ရေးကာလ အလွန်ဆောင်ရွက်မှုမှာ အာဏာရှင်အငွေ့အသက်၊ ယူနီဖောင်းချွတ်ခြယ်လှယ်မှုနဲ့ ဆန်းသစ်မှုမဲ့ ပုပ်သိုးနေတဲ့ဦးနှောက်တွေရှိနေတဲ့ အဲဒီလောင်းရိပ်ကိုလည်း အပြတ်ရှင်းကြရမှာပါပဲ။

ရေးသားသူ - ထို့တပတ်

#မြေလတ်အသံ

#အားကစား #ဆောင်းပါး #ရိုးရာလက်ဝှေ့ #လောင်းရိပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10