လေးအိမ်စုရွာကို စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူ ၂ ဦးသေဆုံး

လေးအိမ်စုရွာကို စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူ ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ လေးအိမ်စုကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဒရုန်းနဲ့ဗုံးကြဲတာကြောင့် ဒေသခံပြည်သူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဇူလိုင် ၁၀ ရက်မှာ KNU ကသတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၈ ရက်မှာ ကျောက်တံခါးမြို့နယ်အခြေစိုက် ခမရ ၃၀၇ တပ်ကနေ လေးအိမ်စုကျေးရွာဘက်ကို ဒရုန်းနဲ့ ဗုံး ၄ လုံးကြဲချခဲ့ရာ အသက် ၄၄ နှစ်အရွယ် မမိုးဝါနေအိမ်နဲ့ ၃၅ နှစ်အရွယ် ကိုကျော်ရဲတို့ နေအိမ်အနီးကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ 

"နေ့ခင်းထမင်းစားချိန်ဆိုတော့ အလုပ်ကပြန်လာကြပြီး နေအိမ်မှာနားနေကြချိန် ဗုံးတွေက ကျလာတာ။ အိမ်တွေကလည်း ဖက်အိမ်တွေဆိုတော့ လူတွေလည်းထိခိုက်ကုန်တာ"လို့ ဒေသခံတဦးကပြောပါတယ်။

ဒရုန်းဗုံးကျလို့ မမိုးဝါနဲ့ ကိုကျော်ရဲတို့ ၂ ဦးစလုံး ဦခေါင်းနဲ့ရင်ဘတ်တွေမှာ ဗုံးစမှန်ဒဏ်ရာတွေရပြီး နေရာမှာတင် သေဆုံးခဲ့ပြီး သူတို့နေထိုင်တဲ့နေအိမ် ၂ လုံးလည်း ဗုံးဒဏ်ကြောင့်မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

ပဲခူးတိုင်းအရှေ့ခြမ်းရှိ ကျောက်ကြီး၊ ကျောက်တံခါး၊ ရွှေကျင်၊ ညောင်လေးပင် စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းအသုံးပြု ဗုံးကြဲတာတွေကိုပါ မကြာခဏပြုလုပ်နေတာကြောင့် ဒေသခံတွေထိခိုက်သေဆုံးကာ အိုးအိမ်းပျက်စီးမှုတွေလည်း ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ သာစည်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ နောင်ချိုကျေးရွာနေ အသက် ၄၁ နှစ်အရွယ် ကိုမင်းနိုင်ဦးရဲ့ နေအိမ်ပေါ်ကိုကျရောက်ပေါက်ကွဲခဲ့ပြီး ကိုမင်းနိုင်ဦးတို့ လင်မယား ၂ ဦးသေဆုံးကာ ကလေးငယ်တွေအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဇူလိုင် ၉ ရက်အထိ နိုင်ငံတဝှမ်း စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် ပြည်သူစုစုပေါင်း ၅၃၇၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

ပုံစာ - လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည့် ကျောက်ကြီးမြို့နယ်၊ လေအိမ်စုကျေးရွာက နေအိမ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #စစ်ကောင်စီ #ဗုံးကြဲ #ဒေသခံ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10