လျှော့ဈေးနဲ့ရောင်းတဲ့ စားအုန်းဆီ တပိဿာရဖို့ မိုးရွာထဲ ပေါက်ခေါင်းမြို့ခံတွေ တိုးဝှေ့နေကြရ

လျှော့ဈေးနဲ့ရောင်းတဲ့ စားအုန်းဆီ တပိဿာရဖို့ မိုးရွာထဲ ပေါက်ခေါင်းမြို့ခံတွေ တိုးဝှေ့နေကြရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စားအုန်းဆီ တပိဿာရဖို့အတွက် မိုးရွာထဲမှာ မြို့ခံတွေ တိုးဝှေ့ဝယ်ယူနေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ယနေ့ စက်တင်ဘာလ ၅ ရက်နံနက် ၁၁ နာရီခန့်က အမှတ်(၂) ရပ်ကွက်က ဆီစက်တခုမှာ စားသုံးသူရေးရာနဲ့ ဆီကုန်သည်ကြီးများအသင်းတို့ရဲ့ ညွှန်ကြားချက်အတိုင်း တပိဿကို ၄၈၀၀ ကျပ်နဲ့ လူ ၁ ဦးကို ၁ ပိဿနှုန်း ရောင်းချပေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ကလေးတွေရော သက်ကြီးရွယ်အိုတွေရော မိုးရေထဲမှာ ထီးတွေနဲ့ တိုးဝယ်နေကြတာပဲ။ ဆီကုန်သည်ကြီးများအသင်းက ပေါက်ခေါင်းမြို့အတွက် ဆီသုံးပေပါ ပေးတယ်လို့ သိရတယ်။ ဝယ်ဖို့အတွက် လက်မှတ်လိုမျိုးလေးတွေ ထုတ်ပေးတယ်။ ပြင်ပပေါက်ဈေးထက် တဝက်ကျော်ကျော်လောက် လျှော့ပြီးရောင်းနေတာ" လို့ ပေါက်ခေါင်းမြို့ခံတဦး ကပြောပါတယ်။

စားအုန်းဆီ ၁ ပိဿာ ပြင်ပပေါက်ဈေးမှာငွေကျပ် ၁ သောင်းကျော်မှာရှိနေပြီး ဒေသအလိုက် ခရီးအကွာအဝေးပေါ်မူတည်ကာ ဈေးနှုန်းမြင့်တက်သွားတယ်လို့ ဆိုပါတယ်။

အလားတူ အခြားမြို့နယ်တွေမှာလည်း စားသုံးသူရေးရာက စားအုန်းဆီတွေကို ဈေးလျှော့ပြီးအကန့်အသတ်နဲ့ လိုက်လံရောင်းချနေပြီး များသောအားဖြင့် လက်သင့်ရာတွေသာ တန်းစီပြီး ယူသွားကြတာများတယ်လို့ အခြားမြို့ခံတွေက ဆိုကြပါတယ်။

"သူတို့ကပဲစေတနာနဲ့ လျှော့ရောင်းသလိုမျိုး ပြည်သူကို ငဲ့သလိုလုပ်နေတာ။ ဓါတ်ပုံရိုက်ကောင်းရုံလျှောက်လုပ်နေတာ။ တကယ်က တိုင်းပြည်စီးပွားက ပျက်နေပြီ။ ကုန်ဈေးနှုန်းနဲ့ လုပ်ခလစာတွေနဲ့က ဘယ်လိုမှ မမျှတော့ဘူး။ အောက်ခြေလူတန်းစားက တနေ့ကို ဆီတဆယ်သား ဝယ်စားဖို့တောင် မတတ်နိုင်တော့ဘူး" လို့ ပဲခူးတိုင်းအနောက်ခြမ်းက လုပ်ငန်းရှင်တဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ့စီးပွားရေးဟာ ဆုတ်ယုတ်လျှက်ရှိပြီး အောက်ခြေလူတန်းစား ၁ ဦးရဲ့ ၁ နေ့လုပ်အားခ ၃၀၀၀ ကျပ်နဲ့ ၅၀၀၀ ကျပ်ကြားတွင်သာ ရှိနေပြီး ဆန်ကြမ်း ၁ ပြည်နဲ့ ဆီ ၁ ဆယ်ကျပ်သား ဝယ်ယူဖို့ပင် မလောက်မငှဖြစ်နေကြပါတယ်။

#မြေလတ်အသံ

#သတင်း #ကုန်ဈေးနှုန်း #စားအုန်းဆီ #လုပ်အားခ #အခြေခံလူတန်းစား #စစ်ကောင်စီ #စားသောက်ကုန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10