လွမ်းရဌာနေ (အက်ဆေး)

လွမ်းရဌာနေ (အက်ဆေး)

ထိုင်းနိုင်ငံအတွင်းက မြို့လေးတမြို့ရဲ့ ရပ်ကွက်တခုမှာ ၂၀၂၄ နိုဝင်ဘာလကတည်းက ကျမ နေထိုင်ခဲ့ပါတယ်။ ဒီမနက်တော့ အညောင်းပြေအညာပြေ လမ်းလျှောက်ထွက်ရင်း ရပ်ကွက်ထဲက သရက်ပင်လေးတွေမှာ သရက်ပွင့်တွေ အဆုပ်လိုက်အခဲလိုက်ပွင့်နေတာမြင်တော့ ဇာတိရွာကလေးကို လွမ်းတဲ့စိတ်က မြေပြင်မှာဆင်သွားသလို ထင်ထင်ရှားရှားပေါ်လာပါတော့တယ်။

ကျမရဲ့ ဇာတိရွာကလေးက မန္တလေး-မိုးကုတ်ကားလမ်းဘေးမှာရှိပြီး နေ့တိုင်း မနက်ခင်းဈေးရှိတဲ့ ရွာပါ။ သရက်ပင်က သရက်ပွင့် ပွင့်တယ်ဆိုတာကို ကျမတို့ဒေသမှာဆိုရင် သရက်ကင်းပွင့်တယ်လို့ခေါ်ကြတယ်။ လက်သန်း၊ လက်မအရွယ်လောက်ရှိတဲ့ သရက်သီးတွေကိုတော့ သရက်ကင်းလို့ ခေါ်ကြတယ်။ သရက်ကင်း ပွင့်တဲ့အချိန်ဆိုရင် ကျမတို့ခြံထဲမှာ သရက်ပွင့်နံ့က လှိုင်နေအောင်မွှေးပါတယ်။

စိန်တလုံး၊ မြသဘက်၊ မြဟင်္သာ၊ ပန်းဆွဲသရက် စတဲ့သရက်မျိုးစုံနေအောင် အဖေက စိုက်ပါတယ်။ စိန်တလုံးသရက်ကိုတော့ အများဆုံးစိုက်ပါတယ်။ ဘာလို့ စိန်တလုံးသရက်ပဲ အများဆုံးစိုက်တာလဲလို့ အဖေ့ကိုမေးတော့-

"ညည်းဘာသိလို့လဲ၊ စိန်တလုံးက ရောင်းပန်းလှတယ်၊ လူကြိုက်လည်းများတယ်၊ အထားလည်းခံတယ်။" ဆိုပြီး ပြန်ဖြေပါတယ်။ စိန်တလုံးသီးထက် ကျမက မြသဘက်သီးကို ပိုကြိုက်ပါတယ်။ သရက်သီးသုပ်စားရင် မြသဘက်က စားရတာပိုကြွပ်ပြီး မှည့်တဲ့အခါဆိုလည်း အချိုပိုလေးတယ်ထင်လို့ပါ။ 

ကျမတို့ရွာက အိမ်တွေမှာဆို အိမ်ရှေ့ကွင်းပြင်ကို ဒီတိုင်းထားထားတယ်ဆိုတာ ခပ်ရှားရှားပါ။ ဆူးပုတ်ကြီး၊ ဆူးပုတ်လေး၊ နံနံပင်၊ ဆလပ်ရွက်၊ ရုံးပတီပင် စသည်ဖြင့် ဟင်းစားပင်တွေကို စိုက်လေ့ရှိပါတယ်။

ခြံစည်းရိုးတွေမှာ ခြံထောင့်တွေမှာဆိုရင် သရက်ပင်၊ သြဇာပင်၊ မန်ကျည်းပင် စသည်ဖြင့်စိုက်ကြတယ်။ ကျမတို့အိမ်မှာဆိုလည်း ခြံစည်းရိုးပတ်ပတ်လည်ကို မန်းကျည်းပင်လေးတွေ တန်းစီစိုက်ထားပါတယ်။ မန်ကျည်းကိုင်းက တော်ရုံကြက်မတိုးနိုင်တာကြောင့်ရယ်၊ မန်ကျည်းရွက်တွေ နုလာရင်လည်း အိမ်အတွက် ဟင်းချက်စရာလည်းရသလို ဈေးမှာလည်း သွားရောင်းလို့ရတာကြောင့် စိုက်တာလို့ အဖေက ပြောပါတယ်။ 

ကိုယ့်ခြံထဲက ဟင်းစားလေးတွေရောင်းလို့ရပြီဆို အိမ်ရှင်မတွေက မနက်ခင်းဈေး သွားရောင်းကြတာမျိုးလုပ်တယ်။ မနက်ခင်းဈေးက မနက် ၃ နာရီခွဲ ၄ နာရီဆိုစပြီး ၉ နာရီ ၉နာရီခွဲဆိုဈေးကွဲပါတယ်။ ဈေးရောင်း ဈေးဝယ်တွေ ကျဲသွားတာ၊ ပါးသွားတာကို ကျမတို့ဒေသကတော့ ဈေးကွဲတယ်လို့ ခေါ်ပါတယ်။

ကျမ အမေကိုယ်တိုင်လည်း ဟင်းစားလေးတွေ ခြံထဲကထွက်ရင် မနက်ခင်းဈေးမှာ သွားရောင်းလေ့ရှိတယ်။ ခြံထဲက သရက်သီးတွေ မှည့်ရင်လည်း သွားရောင်းတာပါပဲ။ ရောင်းလို့ရတဲ့ပိုက်ဆံနဲ့ ဆား၊ အချိုမှုန့်၊ ကြက်သွန်နီ စသည်ဖြင့် စုံပလုံစိနေအောင်ဝယ်လာတတ်ပါတယ်။ တခါတလေများ ကိုယ့်ခြံက ထွက်တဲ့အသီးအနှံလေးများ ရောင်းလို့ မကုန်တော့ဘူးဆိုရင်-

"ရော့ ငါ့ဆူးပုတ်ကြီးနင်ယူ၊ နင့်ခရမ်းသီးငါ့ပေး။" ဆိုပြီးလဲလှယ်လာတာမျိုးလည်း ရှိပါရဲ့။ 

ကျမတို့ရွာရဲ့ အနောက်ဘက် ၄ ရွာအကျော်မှာ ဧရာဝတီမြစ်ရဲ့ မြစ်ခွဲလေးတွေ စီးဆင်းပါတယ်။ ကျမတို့ဒေသအခေါ်အရ မြစ်ခွဲတွေရဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ရွာတွေကို အောက်ကျွန်းလို့ခေါ်ကြပြီးတော့ မြစ်ခွဲလေးတွေရဲ့ အရှေ့ဘက်ကမ်းမှာရှိတဲ့ရွာတွေကို(ကျမတို့ရွာအပါအဝင်) အထက်ကုန်းလို့ခေါ်ကြပါတယ်။ အောက်ကျွန်းသူတွေ ကျမတို့ရွာက မနက်ခင်းဈေးကို ငါးလာရောင်းတာမျိုးရှိပါတယ်။ 

အဲ့လိုအခါမျိုးမှာဆိုရင်လည်း ကိုယ့်ခြံထွက်သီးနှံကို ငါးနဲ့ လဲလာတာမျိုးလည်းရှိပါတယ်။ ဟင်းချက်စရာအတွက် တကူးတက ပိုက်ဆံကုန်တာမျိုး မရှိသလောက်ပါပဲ။ "ဥစ္စာဖြို စားဖိုကတဲ့၊ ဒီလိုလဲလာတော့ မီးဖိုချောင်စရိတ် ကာမိ‌တာပေါ့အေ။" "အပင်စိုက်တာများ ကိုယ့်ခေါင်းပေါ်ရွက်ထားရတာလည်း မဟုတ်။" လို့ ဟင်းချက်ရင်း ပွစိပွစိပြောတတ်တဲ့အမေ့ကို လွမ်းမိပါတယ်။ 

ကျမ အခုနေထိုင်တဲ့မြို့လေးမှာတော့ အဲ့လိုပစ္စည်းချင်းလဲလှယ်တဲ့အလေ့အထလည်း မရှိသလို ကိုယ့်ခြံက ထွက်တဲ့ အသီးအနှံသွားရောင်းချင်ဦးတော့ ရောင်းလို့မရတဲ့အခြေအနေပါ။ 

ကျမတို့ငယ်ငယ်က သရက်သီး သီးတဲ့အချိန်ဆိုရင် ရွာဦးဘုန်းကြီးကျောင်းထဲကို တနေ့ ၃ ခေါက်လောက်ကို သွားကြတယ်။ ဘုန်းကြီးကျောင်းထဲမှာက သရက်ပင်ကြီးတွေ ၁၀ ပင်ထက် မနည်းရှိတယ်။ တချို့အပင်တွေဆို ယောကျ်ားကြီး ၃ ယောက် ဝိုင်းဖက်လို့ရတဲ့အရွယ်အစားရှိတယ်။ ကျမတို့ကလေးတသိုက်က ကြွပ်ကြွပ်အိတ်ထဲ ဆား၊ အချိုမှုန့်၊ ငရုတ်သီးမှုန့် ရောထည့်နယ်ထားတဲ့ တို့စားမှုန့် (ကျမတို့ဒေသအခေါ် ငရုတ်ဆား) ကိုယူပြီး ဘုန်းကြီးကျောင်းထဲက သရက်သီးအကြွေတွေနဲ့ တို့စားကြတယ်။ 

သရက်သီးလေးတွေ မကြွေဘူးဆိုရင်လည်း စီးထားတဲ့ ဖိနပ်တွေချွတ်ပြီး သရက်ပင်က သရက်သီးတွေကို လှမ်းထုပြီး ခြွေကြတယ်။ ရွာဦးကျောင်းထိုင် ဘုန်းကြီးက "ဟေ့ ကလေးတွေ ဘာလုပ်နေတာလဲ" လို့ အသံကျယ်ကျယ်နဲ့ အော်တဲ့အခါမျိုး၊ ဥူးဇင်းက ကြိမ်တုတ်ကိုင်ပြီး လာတာမြင်တဲ့အခါမျိုးဆိုရင် ကျမတို့ ကလေးတသိုက် ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင် ပြေးကြပါတော့တယ်။

အဲ့တုန်းကတော့ ငါ့ကိုများမိသွားရင်၊ ငါများအရိုက်ခံရရင်ဆိုတဲ့ ကြောက်စိတ်တွေရှိပေမယ့် အခုချိန်ပြန် တွေးကြည့်ရင် လွမ်းမောဖွယ်ရာအမှတ်တရတွေပါပဲ။ ကျမ ငယ်ငယ်ကဝတ်ခဲ့တဲ့ ဂါဝန်တွေဆို အသန့်အတိုင်း အကောင်းအတိုင်းဖြစ်နေတာ တစုံမှမရှိပါဘူး။ ဂါဝန်ထဲ သရက်သီး၊ မာလကာသီး ၊ ဩဇာသီး ၊ဂွေးသီး စတာတွေထည့်တာကြောင့် ဂါဝန်မှာ အစေးတွေကပ်နေလေ့ရှိပါတယ်၊ တချို့ဇာဂါဝန်တွေဆို အသီးတွေရဲ့အလေးချိန်ကြောင့် ဇာတွေပြဲတာမျိုးဖြစ်လို့ အမေဆူတာခံရဖူးပါတယ်။ 

တခါကဆို စားချင်စိတ်များနေတော့ သရက်သီးအညှာကို သေချာလည်းမလှီး ရေလည်းမဆေးဘဲနဲ့ စားလိုက်တာ သရက်စေးကပ်ပြီး ပါးစပ်ဘေးမှာ အနာဖြစ်တာ အခုထိမှတ်မိတုန်းပါပဲ။ ကျမတို့ရွာတွေမှာက သရက်ကင်းတို့ တမာရွက်ပြုတ်တို့ကို ငံပြာရည်၊ ငါးပိရည်နဲ့ တို့စားရတာကို ဟင်းကောင်းစားရတာထက် ပိုမက်မောကြတယ်။ 

ကျမတို့ဒေသမှာက သရက်ရွက်အနုဖြစ်ဖြစ် ၊ သရက်ပန်းခိုင်ဖြစ်ဖြစ် ၊ သရက်ကင်းဖြစ်ဖြစ်၊ လက်သီးဆုပ် လောက်ရှိတဲ့ သရက်သီးဖြစ်ဖြစ်၊ သရက်သီးမှည့်ဖြစ်ဖြစ် ငါးပိရည်ကျိုနဲ့ စားလေ့ရှိကြတယ်။ သရက်သီးတုံး ချိန်ဆိုရင် မစားရတော့တာကြောင့် ရာသီစာအနေနဲ့ စားကြတယ်။ အခုနေတဲ့မြို့လေးမှာ ၁၂ လရာသီပတ်လုံး သရက်သီးစားလို့ရပေမယ့် ငယ်ငယ်ကလို  ဘုန်းကြီးကျောင်းထဲမှာ သူငယ်ချင်းတွေနဲ့သရက်သီးလုကောက်ပြီး စားရတဲ့အရသာကို မမီပါ။ ဘယ်တော့မှလည်း မီမယ်မထင်ပါ။

ဟင်းချက်စရာသီးနှံ လဲလှယ်လို့ရတဲ့ ကျမရွာလေး၊ သရက်သီးကို ရာသီစာအနေနဲ့ မက်မက်မောမောစားကြတဲ့ ကျမရဲ့ ရွာလေး၊ ကျမရဲ့ လွမ်းမောဖွယ်ရာငယ်ဘဝတွေတည်ရှိနေတဲ့ ကျမရဲ့ ရွာလေးကို ကျမ မရောက်ဖြစ်တာ ၅ နှစ် နီးပါးရှိပါပြီ။ ဒီအတောအတွင်း ရွာမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ၊ ဘာတွေပြောင်းလဲသွားလဲ ကျမ သေချာမသိပါ။ 

ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားရာနေရာဖြစ်ခဲ့တဲ့ ကျမတို့ရွာကလေးက လက်နက်ကြီးသံ၊ သေနတ်သံ၊ ဗုံးသံတွေကို နားရည်ဝခဲ့ဖူးပါတယ်။ တိုက်ပွဲဖြစ်တုန်းက စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲတာမျိုးတွေလုပ်တဲ့အတွက် လေယာဉ်သံကြားတာနဲ့ ဗုံးခိုကျင်းထဲပြေးဝင်ပုန်းရတာ၊ ညနေခင်းမှောင်ပြီဆိုတာနဲ့ ဘယ်အိမ်မှ မီးမထွန်းရဘဲ အမှောင်ချနေရတာ မျိုးတွေရှိတယ်လို့ အမေနဲ့ ဖုန်းပြောရင်းသိခဲ့ရပါတယ်။ 

အခုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားတဲ့ ကျမတို့ရွာလေးမှာ အေးချမ်းစပြုနေပြီလို့ သိရတော့ ဝမ်းသာရပါတယ်။ အခါအခွင့်ကြုံရင် လက်ပံတွေပေါတဲ့ ၊ တမာတွေမရှားတဲ့၊ ကုက္ကိုပင်တွေရှိတဲ့၊ ဟင်းစားမရှားတဲ့၊ မွေးရပ်ဇာတိရွာကလေးကို ပြန်ချင်ပါတယ်။

ပြီးတော့ ခြံစည်းရိုးမှာ မန်ကျည်းပင်တွေပတ်စိုက်ထားပြီး ခြံထဲမှာလည်း သရက်ပင်၊ သပြေပင်တွေစိုက်ထားတဲ့ အမေ့အိမ်ကိုလည်း ခြေသုတ်တင်ပြန်ချင်ပါတယ်။ ငယ်ငယ်က ကစားဖော်သူငယ်ချင်း၊ ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း အချိန်ကုန်ချင်ပါသေးတယ်။ ရွာအဝင်က ထုံးဖြူဖြူသုတ်ထားတဲ့ တံတားနဲ့ မလှမ်းမကမ်းမှာပေါက်နေတဲ့ လက်ပံပင်ကြီးကတော့ ကျမကို နွေးနွေးထွေးထွေး ကြိုဆိုမယ်လို့တော့ မျှော်လင့်ပါတယ်။

ရေးသားသူ - ဆုမွန်

#မြေလတ်အသံ

#အက်ဆေး #အညာ #ဓလေ့ #ဟင်းစား #သရက်သီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10