လှတောနယ်မြေရဲစခန်းကို PDF ၇ ဖွဲ့က သွားရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာက နယ်မြေရဲစခန်းကို သြဂုတ် ၂၇ ရက်ညနေ ၆ နာရီမှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ Bagan Ogre Force က ပြောပါတယ်။

စစ်ကောင်စီတပ်သား ၅၀ ကျော်တပ်စွဲထားတဲ့ လှတောရဲစခန်းကို PDF ၇ ဖွဲ့က စခန်းနဲ့ မီတာ ၆၀ အကွာကနေ မိနစ် ၃၀ ကြာ တိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်တွေဘက်က စစ်ကူရောက်ရှိလာတဲ့အတွက် မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေ ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

"စခန်းထဲက အကောင်တွေက စစ်ကူစောင့်ရင်းနဲ့ ကတုတ်ကျင်းထဲကမထွက်ဘဲ စက်လတ်တွေနဲ့ တရစပ်ဆွဲတာဗျ။ အဲ့ဒါကြောင့် ကျနော်တို့က စခန်းထဲကို မဝင်နိုင်ခဲ့ဘူးဗျ။ အချိန်လည်းကြာလာတယ်၊ စစ်ကူလည်း လာနေတယ်ဆိုတော့ ကျနော်တို့ကြားမှာ ညပ်သွားမှာစိုးလို့ ပြန်ဆုတ်ခဲ့ရတာ" လို့ Bagan Ogre Force (ပုဂံပြည်ဘီလူးတပ်)မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုဇီးကွက်က ပြောပါတယ်။

အဆိုပါရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့ကြောင့် လှတောကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်းရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရပြီး ရဲစခန်းအနီးကို ဘယ်သူမှသွားလာလို့ မရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအတိအကျကို မသိရသေးဘူးလို့ ကိုဇီးကွက်က ဆက်ပြောပါတယ်။

ဒီတိုက်ပွဲမှာ Yan Gyi Aung PDF၊ နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်း ၁၊ ပုဂံပြည် ဘီလူးတပ်၊ အဖြူရောင် ဒီပဲယင်း ပကဖ၊ ညောင်ဦးခရိုင် တပ်ရင်း ၅ တပ်ခွဲ ၁၊ တပ်ခွဲ ၂ ရဲဘော်ညီနောင် ပြောက်ကျားတပ်၊ မဲကုန်းတိုက်နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်မှာလည်း လှတောရဲစခန်းကို  Chindwin Attack Force အပါအဝင် PDF ၅ ဖွဲ့က ၆၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဝက်လက် #လှတောနယ်မြေရဲစခန်း #တိုက်ခိုက်ခံရ #စစ်ကောင်စီ #စစ်သား #ရဲ #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10