သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ရေးအခြေအနေတွေကြောင့် လမ်းမသလားဖြစ်ဘဲ ရွာမှာသောင်တင်နေတာကြာပြီဖြစ်တဲ့ မောင်ဗန်ဂိုး တယောက် ကိုယ့်မြို့နယ်အတွင်းက နာမည်ကြီး'လှတောရွာ'ကိုသွားဖို့ မနက် ၇ နာရီအချိန်လောက် စောစော ထွက်လာခဲ့ပါသည်။ စီးတော်ယာဉ်မှာ တရုတ်ဆိုင်ကယ်အစုတ်လေးဖြစ်ပြီး မကြာခဏလည်း ထိုးရပ်တတ်သေးသည်။
ဆောင်းရာသီ မနက်ခင်းကို ဆိုင်ကယ်နဲ့သွားရသဖြင့် အအေးဒဏ်ကိုကြံ့ကြံ့ခံနိုင်ဖို့ အနွေးထည်အထူများ ၀တ်ဆင်ထားရပြီး လည်ပင်းပတ်ပုဝါတခုလည်း ခြုံထားရသေးသည်။ ဘေးလွယ်အိတ်ကြီးတကားကား၊ မျက်မှန်ကြီး တ၀င်း၀င်းနှင့် မောင်ဗန်ဂိုး၏ ပုံစံမှာ ကိုးရို့ကားယား။
ပုံမှန်ဆို ၀က်လက်မြို့အထိရောက်အောင်သွားပြီးမှ လှတောဘက်ကို သွားရပေမယ့် ၀က်လက်-လှတောကား လမ်းမှာ ပီဒီအက်ဖ်တွေဘက်က ပိတ်ထားတာကြာပြီဖြစ်သည်။ ၀က်လက်နှင့် မန်ကျီးတုံကြားကားလမ်းကိုသာ ပိတ်ထားခြင်းဖြစ်ပြီး မန်ကျီးတုံရောက်လျှင် လှတောအထိ ပုံမှန်အတိုင်းသွားလာနိုင်သည်။ သို့ဖြစ်၍ ၀က်လက်အထိ ရောက်အောင်မသွားတော့ဘဲ အခြားရွာများကြားမှ ဖြတ်သွားရမည်။
နွားလှည်းသာသာအမြန်နှုန်းဖြင့် ၁၀ မိနစ်လောက်ဆိုင်ကယ်မောင်းပြီးတဲ့အခါ လမ်းကွေ့ရမည့် ကြားရွာတခုသို့ ရောက်သည်။ ထိုနေရာမှနေ၍ ချစ်လှစွာသော၀က်လက်မြို့မှ ဖုန်းတာဝါတိုင်ကို လှမ်းမြင်နေရသည်။ ဤတာဝါတိုင်အနီးရှိ ဘောလုံးကွင်းကြီးမှာ မောင်ဗန်ဂိုး၏ အသည်းနှလုံးပင်။ ချက်ချင်းပင် ပြေး၍သွားလိုက် ချင်မိသည်။ အိမ်ပြန်ချင်သည့် ခံစားချက်အစစ်အမှန်ကို အိမ်ပြန်ခွင့်မရှိသူတွေသာ နားလည်နိုင်ပါလိမ့်မည်။
ဒီလိုငေးရင်း ဆွေးရင်းဖြင့်ပင် ဆက်သွားရမည့်ရွာကို ခရီးဆက်ခဲ့ပါသည်။ ဤရွာမှာ ၂၀၂၂ အတွင်းက စစ်ကောင်စီတပ်သားတွေ ရွာလုံးကျွတ်မီးရှို့ခြင်းကို ခံထားရသောရွာဖြစ်သည်။ အခုတော့ ရွာရှိအိမ်များမှာ မီးမလောင်နိုင်ဘဲ ကျန်ခဲ့သော နီညိုရောင်သွပ်ချပ်များဖြင့်သာ အမိုးအကာပြုလုပ်ပြီး ဆောက်လုပ်ထားကြသည်။
ဤသွပ်ချပ်တဲလေးများမှာနေပြီး အညာ၏ အအေးဒဏ်၊ အပူဒဏ်တွေကို မည်သို့များခံနိုင်ကြသနည်းဟုတွေးရင်း စိတ်မကောင်းဖြစ်မိသည်။ အချို့ထန်းရွက်တဲများကိုလည်း တွေ့ရသည်။ အိမ်ကြီးအိမ်ကောင်းများကို သိပ်မတွေ့ရတော့။ အချို့ မီးထဲမပါသောအိမ်များသာ အကောင်းအတိုင်းကျန်တော့သည်။ ရွာသူရွာသားများ သွားလာနေကြသည်ကို တွေ့ရပေမယ့် ရွာရှိကလေးများ ကျောင်းသွားသည်ကို မတွေ့ရပါ။ စောသေး၍ ဖြစ်မည်။
ဤရွာမှအထွက် မန်ကျီးတုံကိုရောက်မည့် မြေကြီးလမ်းပေါ်သို့ရောက်ပြီး လမ်းအတိုင်းခရီးဆက်ခဲ့ပါသည်။ ထိုလမ်းမှာ လှတောသားစကားဖြင့်ပြောရလျှင် "ကျောက်ခဲ စားသွားရင်တောင် အစာကြေမည်" ဖြစ်သည်။ လမ်းမှာ အင်မတန်မှ ဆိုးရွားလှသောလမ်းဖြစ်သည်။ ချိုင့်ကွက်များကို မကြာခဏတွေ့ရပြီး နွားလှည်း အမြန်နှုန်းဖြင့် သွားနေသည့် ဆိုင်ကယ်အစုတ်လေးနှင့် လူမှာလည်း သုံးလက်မလောက် မကြာခဏ မြောက်မြောက်တက်သွားသည်။ ဒီလမ်းအသုံးပြုရသည်မှာ "မင်းကုသ" ၏ မျက်ခွက်ပေါ် ဆိုင်ကယ်တက်မောင်း နေရသလားဟူ၍ပင် တွေးမိသည်။
လမ်းအတိုင်းဆက်လာပြီးနောက် ဂိတ်တခုနှင့် ငွေဖလားများကိုင်ထားသည့် လူအနည်းငယ်ကိုတွေ့ရပါသည်။
"လမ်းပြုပြင်ရန်အတွက် ကားများကို အလှူငွေကောက်ခံခြင်းဖြစ်သည်" ဟူသောဆိုင်းဘုတ်ကိုတွေ့ရပြီး လမ်းပြုပြင်တော့မည်ဟုသိရသဖြင့် ၀မ်းသာသွားသည်။ မောင်ဗန်ဂိုးမှာ သဒ္ဓါတရားထက်သန်လှသူဖြစ် သော်လည်း ဆိုင်ကယ်များကို မရပ်ခိုင်းသဖြင့် အလှူငွေ မထည့်ခဲ့ရပေ။
ခရီးကြမ်းကြီးကို ၃ မိုင်လောက်ကျော်ဖြတ်ပြီးနောက် မန်ကျီးတုံရွာကို ရောက်သည်။ ယခုရွာသည်လည်း စစ်ကောင်စီတပ်၏ မီးရှို့ခြင်းကို ခံထားရသောရွာဖြစ်သည်။ ယခုနေရာမှစ၍ ကတ္တရာလမ်းမပေါ် မောင်းရတော့မည်ဖြစ်သည်။ လမ်းကောင်းသဖြင့် ရွာအ၀င်အထွက်၌ပင် ၄ လက်မခန့်အမြင့်ရှိသည့် Slow down များရှိသည်။ Slow down များဘေးတွင် မိုင်းများလည်း တွဲထောင်ထားသေးသည်။ ထို့ကြောင့် မောင်ဗန်ဂိုး တယောက် ဆိုင်ကယ်ကို လီဗာကုန်မဖြဲရဲဘဲ ခပ်နှေးနှေးသာ ခရီးဆက်ခဲ့ရသည်။
ယခင်က လှတော-၀က်လက်ကားလမ်းမှာ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ဈေးသည်များ၊ ခရီးသွားပြည်သူအပေါင်းနှင့် အလွန်စည်ကားသောလမ်းဖြစ်သော်လည်း ယခုအခါ ခြောက်ကပ်လှသည်။
၀က်လက်မြို့တွင်းမှ အ၀င်အထွက်မရှိတော့ခြင်းကြောင့် ဖြစ်သည်။ မောင်ဗန်ဂိုးမှာ လမ်းတလျှောက် အထီးကျန်စွာဆိုင်ကယ်စီးလာရင်း အရင်က လမ်းတလျှောက်စည်ကားခဲ့သောအချိန်တွေကို တမ်းတနေမိသည်။ ထိုလမ်းကိုအသုံးပြုပြီး နယ်လှည့် ဘောလုံးအတူကန်ခဲ့သော ရဲဘော်များကိုလည်း သတိရနေမိပါသည်။ စစ်ရေးဗျူဟာမြောက် အမြော်အမြင်ကြီးမားစွာဖြင့် ၀က်လက်မြို့ အ၀င်အထွက်လမ်းကို ပိတ်ထားသော သဗ္ဗူရိသသူတော်ကောင်းအပေါင်းကိုလည်း မေတ္တာပို့ မိနေပါသေးသည်။
လမ်းတလျှောက်တွင် ရွှေဘိုပေါ်ဆန်းမွှေးစပါးစိုက်ခင်းများ ရိတ်သိမ်းနေကြသည်ကို တွေ့ရသည်။ စပါးရိတ်စက်များ၊ ရိုးရာလက်ရိတ်အဖွဲ့များဖြင့် အပြိုင်အဆိုင်ရိတ်သိမ်းနေကြသည်ကို တွေ့ရသည်မှာ ကြည်နူးဖွယ် ကောင်းလှပါသည်။ တခုသတိထားမိသည်မှာ စပါးရိတ်စက်များမှာ အများစုဖြစ်ပြီး လက်ရိတ်အဖွဲ့များမှာ တဖွဲ့ နှစ်ဖွဲ့သာ တွေ့ရသည်။
စပါးလက်ရိတ်နေသော အဖွဲ့တခုအနားသို့ရောက်လျှင် စပါးရိတ်နေသူအမျိုးသမီးများ သီဆိုနေကြသော သံပြိုင်တေးတခုကို ကြားရသည်။
"သင်္ဘောသားလည်း မကြိုက်ပါ၊ သူဌေးသားလည်း မကြိုက်ပါ ပီဒီအက်ဖ်ပဲ တို့ယူမည်" ဟူ၍ပင်။
ထိုစဉ် ပီဒီအက်ဖ်ရဲဘော်တွေ ဆိုင်ကယ်များနှင့် ဘေးမှဖြတ်သွားသည်။ ရဲဘော်များမှာ သီချင်းသံကိုကြားပြီး ကျေနပ်ကာ ပြုံးရွှင်နေကြပြီး ပြန်လည်နှုတ်ဆက်နေကြသည်။ စပါးရိတ်သူ အမျိုးသမီးများကလည်း ပြန်လည် အော်ဟစ်နှုတ်ဆက်သည်။ အပြန်အလှန်အော်ဟစ်သံများဖြင့် ဆူညံသွားသည်။ ဤကဲ့သို့မြင်တွေ့နေရသည်မှာ ပျော်စရာကောင်းလှပါသည်။ မကောင်းသည်မှာ မောင်ဗန်ဂိုးအား မည်သူမျှ အဖက်မလုပ်ခြင်းပင်။
"ပီဒီအက်ဖ် မဟုတ်လို့ အဖက်မလုပ်တာလား ညီမလေးတို့ရယ်" ဟု စိတ်ထဲမှ ၀မ်းနည်းပက်လက်ဖြင့် ရေရွတ် လိုက်သည်။ ထိုစဉ်...
"**ဖြိုး မဟုတ်လား...သား" ဟု စပါးရိတ်အဖွဲ့ထဲမှခေါ်သံကိုကြားရသဖြင့် လှည့်ကြည့်လိုက်မိသည်။ မောင်ဗန်ဂိုး အထက်တန်းတုန်းက ကျောင်းဆရာမဖြစ်သည်။ နှုတ်ဆက်စကားပြောပြီးတဲ့အခါ CDM လုပ်ပြီး ဘ၀ခက်ခဲနေသဖြင့် စပါးရိတ်လိုက်နေခြင်းဖြစ်သည်ဟု သိရသည်။
ရင်ထဲမှာ ဆို့နင့်သွားသည်။ ဒီလိုဘ၀မျိုးတွေ တနိုင်ငံလုံးမှာ ဘယ်လောက်တောင်များရှိနေမလဲဟု တွေးမိသည်။ CDM လုပ်ခဲ့ရသည့်အတွက် နောင်တမရကြောင်းလည်း သူက ပြောသေးသည်။ အချိန်အတော်အကြာ စကားပြောပြီးနောက် " အားတင်းထား ဆရာမ တော်လှန်ရေးကြီးက ခရီးပေါက်နေပါပြီ။ အမေရိကအထိ ရောက်နေပြီ။" ဟု ခပ်တည်တည်နှင့်ပြောကာ ထွက်ခဲ့လိုက်သည်။ ဆရာမကား နားမလည်ဟန်ဖြင့် ကျန်ခဲ့လေသည်။
လမ်းအတိုင်းဆက်ပြီး ခရီးဆက်ခဲ့ရာ ကျေးရွာတခုအရောက် ပြည်သူ့အခြေပြုစာသင်ကျောင်းတခုကို တွေ့ရ သည်။ ကျောင်းအတွင်း ဒီဇင်ဘာ အားကစားပွဲကျင်းပနေကြသည့်အချိန် ဖြစ်သည်။ အားကစားနည်းမျိုးစုံကို ကလေးများယှဉ်ပြိုင်ကစားနေကြသည်ကို မြင်ရသည်မှာ ပျော်စရာကောင်းလှပါသည်။
ထူးခြားချက်မှာ ကျောင်းသူ/ကျောင်းသားများ၏ ယူနီဖောင်းဖြစ်သည်။ အဖြူနဲ့အစိမ်း၀တ်စုံကို သပိတ်မှောက် လိုက်ကြပြီဖြစ်ပြီး အခြားယူနီဖောင်းကို တူညီစွာ၀တ်ဆင်ထားကြသည်မှာလည်း အမြင်တမျိုးနှင့် ဆန်းသစ်လှသည်။
"ယူနီဖောင်းပြောင်းလိုက်သလို သင်ကြားရေးစနစ်တွေပါ ပြောင်းလိုက်ပြီလား" ဟု တယောက်တည်း မေးခွန်း ထုတ်နေမိသည်။ အဆိုပါ ကျောင်းအားကစားပွဲကို ခေတ္တခဏ ကြည့်ပြီးနောက် ဆက်လက်ခရီးနှင်ခဲ့ပါသည်။
ထို့နောက် လှတောကျေးရွာကို ရောက်ရှိခဲ့ပြီး လူစည်ကားရာ ကားလမ်းဆုံအထိ မောင်းနှင်လာခဲ့သည်။ လှတောရွာမှာ ရွာသူရွာသားများ၊ ခရီးသွားပြည်သူများ၊ အနီးအနားကျေးရွာများမှ ဈေး၀ယ်သူများနှင့် ယခင်ကကဲ့သို့ပင် ပိုမိုစည်ကားလျက်ရှိနေပါသည်။ လမ်းပေါ်တွင်လည်း ဆိုင်ကယ်မျိုးစုံ လူပေါင်းစုံနှင့် ပြည့်နှက်လျက်ရှိသည်။
လမ်းဆုံတနေရာတွင် မော်တော်ယာဉ်များကို စစ်ဆေးနေသော ပီဒီအက်ဖ်ရဲဘော်များလည်း ရှိသည်။ ရွှေဘို-မန္တလေးကားလမ်းပေါ်တွင် တည်ရှိသောရွာဖြစ်သဖြင့် မော်တော်ယာဉ် ကြီး/ငယ် များကိုလည်း အဆက်မပြတ် မြင်တွေ့နေရပါသည်။ လှတော-၀က်လက် ကားလမ်းဆုံရှိ "စိန်ငါးပွင့်" ဆန်စက်ကြီးမှာလည်း ဆက်လက် လည်ပတ်နေဆဲလို့ သိရသည်။
ထူးခြားသည်မှာ လှတောရဲစခန်းဖြစ်သည်။ လှတောရဲစခန်းမှာ ပီဒီအက်ဖ်ရဲဘော်များ ရှိနေရာနှင့် မလှမ်းမကမ်းတွင်ရှိပြီး လှမ်းမြင်နေရသည်။ တဖက်နှင့် တဖက်ပစ်ခတ်ခြင်းမရှိဘဲ ငြိမ်းချမ်းရေး ယူထားကြဟန်ရှိသည်။ ရဲစခန်းအကြောင်း ရွာခံတယောက်ကိုမေးမြန်းကြည့်ရာ-
"သူတို့က သူတို့ဘာသာနေတာ၊ အထဲက မထွက်ဘူး။ ဒီဘက်ကလည်း သွားမတိုက်ဘူး။" ဟု ပြောသည်။
ထို့နောက် လမ်းတလျှောက် ဗမာ့ရိုးရာအလှူပွဲများတွင် ပါ၀င်လှည့်လည်သော ရွှေလှည်းယဉ် အများအပြားကိုလည်း တွေ့ရသည်။ ဘေးရွာတခုတွင် အလှူရှိသဖြင့် သွားကြဟန်တူသည်။ ယခုနှစ် စစ်ရေးငြိမ်သက်ချိန် အညာတွင် အလှူပွဲများ တရွာနှင့်တရွာ အပြိုင်အဆိုင်ကျင်းပကြသည်။ တချိန်တည်းတွင် အညာရှိစစ်ရှောင် များမှာလည်း အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေကြရသည်။
ထို့နောက် နာမည်ကြီးလှတောသားများ စကားကြွယ်မှုကို အရှင်လတ်လတ်နားဆင်ရန် လက်ဖက်ရည်ဆိုင်တခုသို့ ဝင်လိုက်သည်။ ဆိုင်ထဲမှ ထွက်လာသော လှတောသားဖြစ်ဟန်ရှိသူတယောက်က လှမ်းပြောသည်။
" ဆီးချိုရှိရင် ၀င်မသောက်နဲ့"
မောင်ဗန်ဂိုး နားမလည်ဘဲ လှတောသားဟုထင်ရသော ဘဲကြီးများဝိုင်းဖွဲ့ရာအနီးတွင် ၀င်ထိုင်ပြီး ပုံမှန်တခွက်မှာသည်။ စိတ်ထဲတွင်လည်း စကားအလင်္ကာများကြားရန် မျှော်လင့်နေမိသည်။ လူနှစ်ဦး တယောက်နှင့် တယောက် မေးနေကြသည်။
"စပါးရောင်းပြီးသွားပြီဆို"
"အေး ဒါပေမဲ့ ကျော်ဟိန်း" ဟု ပြောပြီး ရယ်နေကြသည်။ (ကျော်ဟိန်းရိုက်ကူးထားသော "အကြွေး" ဇာတ်ကား ကို ရည်ညွှန်းဟန်တူသည်။)
ပုံမှန်တခွက် ရောက်လာလေပြီ။ လှတော တီး၏ အရသာကို မြည်းစမ်းကြည့်သည်။ တငုံလောက် လျှာပေါ်တွင် တင်လိုက်သည်နှင့်ပင် ညင်သာစွာ အရသာခံလိုက်ပြီး-
"လခွမ်း...စုတ်ပြတ်သတ်နေတာပဲကွာ"
နို့ဆီဘူး ပလိန်းကြီး ထိုင်သောက်နေရသလိုပင် ချိုလွန်းနေသည်။ မောင်ဗန်ဂိုးဒေါပွသွားသည်ကို ဘေးမှ လူတဦးက သတိထားမိပြီး "တီးဆရာ မရှိလို့ စားပွဲထိုးမလေးက ၀င်ဖျော်နေတာ" ဟုပြောသည်။
စားပွဲထိုးမလေးကို လှမ်းရှိုးပြီး ခွင့်လွှတ်ချင်စရာ မျက်နှာထားကလေးအား မြင်သည်နှင့်ပင် အရသာဆိုးမှုကို နားလည်ပေးလိုက်သည်။ မောင်ဗန်ဂိုးမှာ သည်းခံခွင့်လွှတ်ခြင်းတရားနှင့် ပြည့်စုံသူပင်။ ဆိုင်အ၀င်က ပြောသွားသူ၏စကားကိုလည်း ယခုမှပင် သဘောပေါက်သည်။
ထို့နောက် စကားဝိုင်းကို ဆက်လက်နားစွင့်နေသည်။ အသက်ကြီးကြီး ဘဲကြီးတပွေကို လူငယ်တဦးက-
"ခင်ဗျား ပွဲစား(စပါးပွဲစား) လုပ်တာ ဘယ်လောက်ကြာပြီမို့လဲ" ဟုမေးသည်။
"အစိုးရ ၀န်ထမ်းသာဆို ပင်စင်ပေးသင့်တယ်၊ ဦးနေ၀င်းက ငါ့ကို" ဟု ထိုဘဲကြီးမှ ပြန်ဖြေလိုက်ပြီး ပွဲကျနေကြသည်။
မောင်ဗန်ဂိုးသဘောကျသွားသည်။ စကားအလင်္ကာများကို ဆက်လက်မျှော်လင့်နေမိသည်။ ထိုစဉ် လူငယ် ပီဒီအက်ဖ်ရဲဘော်တဦးနှင့် လူတယောက် စကားဝိုင်းအတွင်း ၀င်ရောက်လာသည်။
လူတဦးမှစပြီး "မင်းတို့ မြန်မြန်နိုင်အောင် တိုက်ကြ၊ မဟုတ်ရင် ၁၂ လက်မ ၁ ပေ၊ ၃ ပေ ၁ ဂိတ်နဲ့ ဂိတ်တွေ စိပ်နေပြီ" ဟု ဆီးကြိုမိတ်ဆက်လိုက်သည်။
လူငယ်ရဲဘော်မှ စိတ်တိုသွားဟန်ရှိပြီး " ခင်ဗျားတို့ လူကြီးတွေက ဘယ်လောက်ထောက်ပံ့လို့လဲ" ဟု ပြန်ပြောလိုက်သည်။
ထို့နောက် တော်လှန်ရေး ဒဿနများကို အာဘောင်းအာရင်းသန်သန်ဖြင့် ပြောကြားလေသည်။ သူတဦးတည်းပြောနေသဖြင့် အခြားသူများ၏ စကားအလင်္ကာများကိုလည်း မကြားရတော့ချေ။
၂ နာရီနီးပါးကြာသည် အထိပြောကြားနေလေသည်။ မောင်ဗန်ဂိုး သည်းခံနိုင်စွမ်းကုန်ဆုံးသွားကာ-
"တော်လှန်ရေးက လက်နက်တွေနဲ့တိုက်ရတာ စစ်ကောင်စီ ကံကောင်းတယ်၊ လေနဲ့သာတိုက်ရရင် ဒီရဲဘော်နဲ့ကို မလွယ်ဘူး။" ဟု စိတ်ထဲမှပြောပြီး ဆိုင်ကထွက်ကာ လှတောရွာအတွင်းပိုင်းသို့ ၀င်လာခဲ့သည်။
ရွာအတွင်း လူတစု လက်တောက်ခုံ တောက်နေကြသည်ကိုတွေ့ရပြီး ထိုလူများနှင့် ၀င်ကစားကာ စကားပြော ကြည့်သည်။ တနာရီမျှကြာသည်အထိ သာမာန်စကားများသာ ကြားရသည်။
စကားအလင်္ကာများ မကြားရသည့်အပြင် ကစားပွဲတွင်လည်း ရှုံးနိမ့်ခဲ့ရသေးသည်။ ထို့နောက် သည်းမခံနိုင် တော့ဘဲ စကားအလင်္ကာတွေ ကြားချင်ကြောင်း၊ မည်သူနှင့်တွေ့လျှင် ကြားနိုင်ကြောင်း မေးလိုက်သည်။
လူတဦးက " ဒီတိုင်းကြီးမေးရင် မပြောတတ်ကြဘူး၊ စကားပြောရင်းကြုံမှသာ ပင်းဇင်းက မိုင်းလိုမျိုး ထထ ပေါက်တာ" ဟု ပြောသည်။
ထို့နောက် စကားအလင်္ကာ ပြောတတ်သူများမှာ စပါးရိတ်သိမ်းချိန်ဖြစ်သဖြင့် မအားကြကြောင်း၊ နောက်မှ တခေါက်ပြန်လာသင့်ကြောင်း၊ ရှေးယခင်ကလို လူတိုင်းနီးပါးလည်း မပြောတတ်တော့ကြောင်း ပြောပြသည်။
လှတောရွာသည်လည်း စစ်ကြောင်းမထိုးသဖြင့် မပြေးရတာကြာပြီဖြစ်ကြောင်း၊ ပုံမှန်အတိုင်းလည်ပတ်နေ ကြောင်း သိရသည်။
မောင်ဗန်ဂိုး ဇွဲမလျှော့ဘဲ တရွာလုံးလျှောက်ပတ် စကားလိုက်ပြောကြည့်သည်။ သာမာန်စကားများသာ ပြောဆို သုံးနှုန်းကြသည်ကို တွေ့ရသည်။ လူစိမ်းဖြစ်၍ မပြောကြသည်လားတော့ မသိ။ ထို့နောက် ညနေစောင်းပြီဖြစ်သဖြင့် ပြန်ရတော့မည်ဖြစ်သည်။ မောင်ဗန်ဂိုး စိတ်ပျက်လက်ပျက်ဖြင့် ဆိုင်ကယ်စုတ်လေးအားစက်နှိုးကာ လာလမ်းအတိုင်း ပြန်ခဲ့ရသည်။ စိတ်ထဲတွင် စကားအလင်္ကာများ ကြားရန် လှတောရွာအား ထပ်မံလာဦးမည်ဟု တွေးနေမိတော့သည်။
ရေးသားသူ - ဗန်ဂိုး
#မြေလတ်အသံ
#လှတော #ဝက်လက် #စစ်ကိုင်း #ခရီးသွားဆောင်းပါး
Share Share Share