ဝက်ထီးကန်က ကျောင်းထိုင်ဆရာတော်အသတ်ခံရမှုနဲ့ အမျိုးသား ၁ဦးကို စစ်ကောင်စီဖမ်းဆီး

ဝက်ထီးကန်က ကျောင်းထိုင်ဆရာတော်အသတ်ခံရမှုနဲ့ အမျိုးသား ၁ဦးကို စစ်ကောင်စီဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ နဝင်းလမ်းရှိ ကန်ဖျားမဟာစည်ကျောင်းတိုက် ကျောင်းထိုင် ဆရာတော်အသတ်ခံခဲ့ရပြီး သံသယတရားခံအမျိုးသား ၁ ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူက ကန်ဖျားမဟာစည်ကျောင်းတိုက်မှာ မကြာခဏ ဘုန်းကြီးလာဝတ်လေ့ရှိတဲ့ ဝက်ထီးကန်မြို့နေ အသက် ၅၀ ကျော်အရွယ် ဦးကျော်ဦးဖြစ်ပြီး စက်တင်ဘာ ၃ ရက်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

"သူ့ကို ကျောင်းထိုင်ဆရာတော်သတ်မှုနဲ့ သူ့နေအိမ်ကနေ လာဖမ်းသွားတယ်လို့တော့ လတ်တလောသိထားရတယ်။ ကျန်တဲ့အသေးစိတ်အခြေနေကတော့ မသိရသေးဘူး။"လို့ ကျောင်းနဲ့နီးစပ်သူဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီအမျိုးသားကို ဝက်ထီးကန်နယ်မြေရဲစခန်းမှာ ဖမ်းဆီးထားပြီး လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂ ရက် မနက်အစောပိုင်းမှာ ကန်ဖျားမဟာစည်ကျောင်းတိုက်က သက်တော် ၅၇၊ ဝါတော် ၃၇ ဝါရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိမလဟာ နေထိုင်ရာကျောင်းတိုက်အတွင်းမှာ အသတ်ခံထားရတာကို ကျောင်းနေသံဃာတွေနဲ့ဒကာတွေက တွေခဲ့ကြပါတယ်။

ဒေသခံတွေရဲ့ပြောကြားချက်အရ သတ်သွားသူက ဝက်အူလှည့်ကိုအသုံးပြုပြီး သတ်သွားတာလို့ သိရပြီး ဆရာတော်ကြီးရဲ့အလောင်းကိုတွေ့စဥ်မှာ ဦးခေါင်း၊ နားရွက်နဲ့ ရင်ဘတ်တွေမှာ ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူနေတာကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

ဆရာတော်က နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်တာမျိုးမရှိဘဲ သံဃာကိစ္စနဲ့ ရိပ်သာကိစ္စတွေကိုသာ ဆောင်ရွက်နေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆရာတော်ရဲ့ ရုပ်ကလာပ်ကိုတော့ ကျောင်းတိုက်အတွင်းမှာထားရှိထားက ဈာပနကို စက်တင်ဘာ ၈ ရက်မှာ မီးသင်္ဂြိုဟ်ပြီးနောက် အရိုးပြာကို ဧရာဝတီမြစ်ထဲမျောဖို့စီစဥ်ထားပြီး လက်ရှိမှာ စစ်သားနဲ့ ရဲတွေက လုံခြုံရေးစောင့်ကြပ်နေတယ်လို့လည်း သိရပါတယ်။ 

စာတည်း- ဈာန်မြင့်

#မြေလတ်အသံ

#ပြည် #ဝက်ထီးကန် #ဆရာတော် #လူသတ်မှု #တရားခံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10