ဝက်ထီးကန်မြို့က ကျောင်းထိုင်ဆရာတော် ၁ ပါး ကျောင်းတိုက်အတွင်းအသတ်ခံရ

ဝက်ထီးကန်မြို့က ကျောင်းထိုင်ဆရာတော် ၁ ပါး ကျောင်းတိုက်အတွင်းအသတ်ခံရ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ နဝင်းလမ်းရှိ ကန်ဖျားမဟာစည်ကျောင်းတိုက်က ကျောင်းထိုင် ဆရာတော် ၁ ပါး ကျောင်းတိုက်အတွင်းအသတ်ခံခဲ့ရတယ်လို့ ဘုန်းကြီးကျောင်းနဲ့နီးစပ်သူတွေဆီကတဆင့် သိရပါတယ်။

စက်တင်ဘာလ ၂ ရက် မနက်အစောပိုင်းမှာ ကျောင်းနေသံဃာတော်တွေက သက်တော် ၅၇၊ ဝါတော် ၃၇ ဝါရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိမလကို ကျောင်းတိုက်ပေါ်မှာသွားနှိုးချိန် အသတ်ခံ ထားရတာကိုတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ 

"နားနေခန်းထဲမှာ တရားနာဖို့ ထွက်မလာထွက်မလာနဲ့ သွားကြည့်တော့တွေ့တာ။ ဝက်အူလှည့်နဲ့ ထိုးထားတာ၊ ရှေ့နဲ့နောက် ၂ ချက်လို့ ပြောတယ်။ နားရွက်ပဲ့သွားသေးတယ်လို့လည်း ပြောတယ်။" လို့ ဘုန်းကြီးကျောင်းနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်ကိုကိုးကားပြီး ဒေသခံတဦးက ပြောပါတယ်။ 

ဆရာတော်ကြီးရဲ့အလောင်းကိုတွေ့စဉ်မှာ ဦးခေါင်း၊ နားရွက်နဲ့ရင်ဘတ်တွေမှာဒဏ်ရာတွေနဲ့ ပျံလွန်တော်မူနေတာကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

ဆရာတော်က နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်တာမျိုးမရှိဘဲ သံဃာကိစ္စနဲ့ ရိပ်သာကိစ္စတွေကိုသာ ဆောင်ရွက်နေသူဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။  

ဆရာတော်ကြီး သတင်းသုံးတဲ့ကျောင်းဆောင်အခန်းထဲကို ကျောင်းနေသံဃာတွေက စစ်ဆေးစဥ် ငွေသားအချို့ပျောက်ဆုံးနေပြီး မသမာသူတချို့က ဆရာတော်ကြီး အခန်းအတွင်းငွေဝင်ခိုးချိန် ဆရာတော်သိရှိသွားတဲ့အတွက် သတ်သွားတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။

ဆရာတော်ရဲ့ ရုပ်ကလပ်ကိုတော့ ကျောင်းတိုက်အတွင်းမှာထားရှိပြီး လက်ရှိမှာ စစ်ကောင်စီနဲ့ ရဲတွေက လုံခြုံရေးစောင့်ကြပ်နေတာတွေရှိတယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည် #ကျောင်းထိုင်ဆရာတာ် #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10