ဝက်လက်က ဗကသရဲဘော်သတ်ခံရမှု ကျူးလွန်သူတွေထဲက ၁ ဦးကိုသာ တရားစွဲထားလို့ ဒေသခံတွေမကျေနပ်

ဝက်လက်က ဗကသရဲဘော်သတ်ခံရမှု ကျူးလွန်သူတွေထဲက ၁ ဦးကိုသာ တရားစွဲထားလို့ ဒေသခံတွေမကျေနပ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးရွာက ဗကသရဲဘော် ကိုမြင့်မြတ်ဦး သတ်ခံရမှုမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက် ဝက်လက်မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က စိုင်နိုင်ကြီးရွာခံအမျိုးသား ၁ ဦးကို လူသတ်မှု၊ လုယက်မှုတွေနဲ့ တရားစွဲတင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တရားစွဲတင်ခံထားရသူဟာ စိုင်နိုင်ကြီးရွာသား အသက် ၂၀ နှစ်ကျော်အရွယ် ကျော်ရဲတိုး(ခ)ပေါင်ချိန် ဆိုသူဖြစ်ပြီး ၎င်းကို အခင်းဖြစ်ပွားပြီးနောက် ဝက်လက်မြို့နယ်ရဲတပ်ဖွဲ့က သံသယတရားခံအဖြစ် ခေါ်ယူစစ်ဆေးခဲ့ရာ စစ်ဆေးပေါ်ပေါက်ချက်တွေနဲ့ ကျူးလွန်ခဲ့ကြောင်းဝန်ခံချက်တွေအရ ဩဂုတ် ၁၄ ရက်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ၃၉၂ တွေနဲ့ ဝက်လက်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတာလို့ ဆိုပါတယ်။

ကိုမြင့်မြတ်ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ကနဦးသံသယတရားခံအဖြစ် ကျော်ရဲတိုးအပါအဝင် ၄ ဦးကို မြို့နယ်ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပေမယ့် ကျန် ၃ ဦးကို သံသယတရားခံတွေအဖြစ် ပူးတွဲလူသတ်တရားခံအဖြစ်သတ်မှတ်လို့မရဆိုကာ မြို့နယ်ရဲတပ်ဖွဲ့ကပြန်လွှတ်ပေးခဲ့ပြီး ကျော်ရဲတိုးတဦးတည်းကိုသာ တရားစွဲတင်ခဲ့တာလို့ ဖြစ်စဉ်ကိုသိရှိထားသူ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“သူတို့ နဂိုမူလရည်ရွယ်ချက်ကိုက ဒီတယောက်ကိုပဲ ဖမ်းပြီးတော့ တရားစွဲမယ်ဆိုတဲ့ဟာကတော့ သိသာပေါ်ပေါက်လွန်းအားကြီးပါတယ်ပေါ့နော်။ ဒါသည် မဖြစ်နိုင်ဘူးဆိုတာ တရွာလုံးလည်း သိသလို၊ ပြည်သူအကုန်လုံးလည်း သိတယ်ဗျာ။ သူတို့ကိုယ်နှိုက်လည်း သိတယ်။ ဘာကြောင့် **လွတ်သွားတာလဲ၊ ဘာကြောင့် နောက်တယောက်ပါတဲ့သူ လွတ်သွားတာလဲ၊ ဘာလို့ တရားစွဲမတင်နိုင်ရတာလဲ။” လို့ ပြောပါတယ်။

ဝက်လက်မြို့နယ်ရဲတပ်ဖွဲ့ ကနဦးစစ်ဆေးချိန်မှာ ကျော်ရဲတိုးအပါအဝင် ပူးတွဲလူသတ်မှုကျူးလွန်သူ ၃ ဦးရှိတယ်လို့ သုံးသပ်ခဲ့ပေမယ့် ထပ်မံစစ်ဆေးချိန်မှာတော့ ကျော်ရဲတိုးက ၎င်း ၁ ဦးတည်းသာ ကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီးတဲ့နောက် ကျန် ၂ ဦးကိုလွှတ်ပေးလိုက်တာလို့ ဆက်ပြောပါတယ်။

ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ရဲဘော် ကိုမြင့်မြတ်ဦးဟာ ဇူလိုင် ၈ ရက် ည ၈နာရီခန့်က စိုင်နိုင်ကြီးကျေးရွာသုဿန်ရဲ့ အနောက်ဘက်မှာ အင်တာနက်လိုင်းသုံးနေစဉ် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး လည်ပင်းအပါအဝင် ခန္ဓာကိုယ်မှာ ပြတ်ရှ၊ ထိုးသွင်း ဒဏ်ရာအများအပြားနဲ့ သေဆုံးခဲ့တာပါ။

ကိုမြင့်မြတ်ဦးအသတ်ခံရမှုနဲ့ပတ်သက်ပြီး မျက်မြင် သက်သေတချို့ရဲ့ထွက်ဆိုချက်တွေအရ အခင်းဖြစ်ရာနေရာကို အဲ့ဒီည ၈ နာရီခန့်က ဆိုင်ကယ် ၂ စီး လူ ၃ ဦးခန့် ရောက်ရှိလာကြောင်း၊ အခင်းဖြစ်နေရာအရောက်မှာ ဆိုင်ကယ်မီးပိတ် ရပ်တန့်သွားကြောင်း၊ အဲ့ဒီနောက် မိနစ်ပိုင်းအကြာမှာ ဆိုင်ကယ် ၂ စီး လာလမ်းအတိုင်း ပြန်သွားကြောင်း ထွက်ဆိုထားတယ်လို့လည်း အထက်ပါ ဖြစ်စဉ်သိရှိထားသူက ပြောပါတယ်။

မြေလတ်အသံက ကြည့်ရှုခွင့်ရတဲ့ ဝက်လက်ပြည်သူ့ဆေးရုံကြီးရဲ့ ရုပ်အလောင်းခွဲစိတ်မှုဆေးစာ ထင်မြင်ချက်အရ ကိုမြင့်မြတ်ဦးမှာ ချို(ဂျို)စောင်းပြတ်ရှဒဏ်ရာ၊ ဘယ်ဘက်နဖူးပြတ်ရှ၊ လည်ပင်းပြတ်ရှ၊ ဘယ်ဘက်နားမှ ညာဘက်နားရှည်လျားအရိုးထိနက်ပြတ်ရှ၊ ညာလက်မောင်းပြတ်ရှဒဏ်ရာတွေ တွေ့ရှိရပြီး လေပြွန်၊ လည်ပင်းသွေးကြောမကြီးများပြတ်ရှပြီး သွေးထွက်လွန်သေဆုံးဟုယူဆကြောင်း ဖော်ပြထားပါတယ်။ 

အထက်ပါ သေဆုံးဒဏ်ရာတွေထဲကတခုဖြစ်တဲ့ လည်ပင်းမှာရရှိတဲ့ပြတ်ရှဒဏ်ရာဟာ အလျား ၁၀ စင်တီမီတာ၊ အနံ ၇ စင်တီမီတာ အရိုးအထိနက်ပြီး လေပြွန်ပြတ်ရှ၊ အစာရေပြွန်ပြတ်ရှ၊ လည်ပင်းဇလုတ်ရိုးပေါ်၊ လည်ပင်းကြွက်သားများ ပြတ်ရှပျက်စီးနေကြောင်း၊ အနာဒဏ်ရာ နှုတ်ခမ်းသားညီညာမှုမရှိကြောင်းလည်း ဆေးစာက ဖော်ပြထားပါတယ်။

အဲ့ဒီဖော်ပြချက်တွေအရ တဦးတည်း ဓားနဲ့ကျူးလွန်ထားတဲ့ဒဏ်ရာမျိုးမဟုတ်ဘဲ အုပ်စုဖွဲ့ ချုပ်နှောင်လှီးဖြတ်မှသာ ရရှိနိုင်တဲ့ ဒဏ်ရာတွေဖြစ်တယ်လို့ အမှုမှာလိုက်ပါဆောင်ရွက်ပေးနေတဲ့ ဗကသ အသိုင်းအဝိုင်းဘက်က သုံးသပ်ထားပါတယ်။

အဲ့ဒီ လူသတ်မှုကိစ္စနဲ့ ပတ်သက်ပြီး NUG ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက် ပြည်သူ့ရဲတပ်ဖွဲ့  ရဲဦးစီးချုပ် ဦးစစ်မင်းနိုင်ကို ဆက်သွယ်မေးမြန်းရာ ကျန်ရှိသူတွေမှာ ပြစ်မှုကျူးလွန်ကြောင်းစွပ်စွဲဖို့ အထောက်ထားခိုင်လုံမှု နည်းပါးတာ၊ သက်သေတချို့မှာ စစ်ကောင်စီထိန်းချုပ်နယ်မြေထဲကို သွားရောက်စုံစမ်း/သိမ်းဆည်းရမှာတွေကြောင့် ရဲလုပ်ငန်းစဥ်ကို အပြည့်ဝမလုပ်ဆောင်နိုင်သေးဘဲ ကျင့်ထုံးဥပဒေ ၁၇၀(၁)အရ လွှတ်ပေးထားတာဖြစ်ကြောင်း၊ သက်သေအချက်အလက် ရရှိလာရင် ထပ်တိုးတရားခံအဖြစ် တရားစွဲဆိုသွားမှာဖြစ်ကြောင်း ဝက်လက်မြို့နယ်ပလဖ(ရဲတပ်ဖွဲ့) က ၎င်းထံတင်ပြထားတယ်လို့ ပြန်လည် ဖြေကြားထားပါတယ်။

“တရားခံတွေရှိသေးတယ်ဆိုရင် ဖမ်းဆီးဖို့ ဝက်လက်ရဲကို ညွှန်ကြားပေးပါ့မယ်။ ရှိလျက်နှင့် ထိန်ချန်ထားရင်အရေးယူပေးပါ့မယ်။ စဖမ်းတုန်းက မသင်္ကာတရားခံ ၄ ဦးပါ။ စုစုပေါင်း ၈ ဦးတောင်ဖမ်းဆီး စစ်ဆေးခဲ့တာပါ။” လို့ ရဲဦးစီးချုပ် ဦးစစ်မင်းနိုင်က ပြောပါတယ်။

ပုံစာ - ဗကသရဲဘော် ကိုမြင့်မြတ်ဦး နာရေးမြင်ကွင်း။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #စိုင်နိုင်ကြီး #ဗကသရဲဘော် #လူသတ်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10