ဝက်လက်ကရွာတွေကို စစ်တပ်က မီးရှို့၊ ဒေသခံသောင်းချီ ထွက်ပြေးနေရ

ဝက်လက်ကရွာတွေကို စစ်တပ်က မီးရှို့၊ ဒေသခံသောင်းချီ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီလ ၂၂ ရက်ကနေ ဧပြီလ ၂၄ ရက်ဒီနေ့အထိ စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့နေတာကြောင့် ကျေးရွာ ၅ ရွာက ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေကြရပါတယ်။

အင်အား ၅၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ဧပြီလ ၂၂ ရက်ကတည်းက သခွတ္တောရွာကို ရောက်ရှိနေပြီး၊ အဲ့ဒီကတဆင့် ဧပြီလ ၂၃ ရက်နေ့လည် ၂ နာရီလောက်မှာ အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ အောင်ချမ်းသာကျေးရွာကို မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၄၀ ခန့် ပျက်စီးသွားခဲ့တယ်လို့ မြေပြင်ကင်းထောက်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။


"၂၃ ရက်နေ့ မနက်ပိုင်းမှာ PDFတွေနဲ့ တိုက်ပွဲဖြစ်တယ်။ ဖြစ်ပြီးတော့ စစ်ကြောင်းက အောင်ချမ်းသာကို ဝင်ပြီးမီးရှို့တာ။ မီးရှို့ပြီးတော့ သခွတ္တောရွာကို ပြန်လာပြီး ညအိပ်တယ်။ ဒီနေ့ (ဧပြီ ၂၄) တော့ စစ်ကြောင်းက လှတောရွာနားမှာပါ" လို့ ဆိုပါတယ်။

အောင်ချမ်းသာရွာဟာ အခုနှစ် မတ်လအတွင်းမှာလည်း ပထမအကြိမ် မီးရှို့ခံရတဲ့အတွက် လူနေအိမ် ၁၀၁ လုံး ပျက်စီးခဲ့ပြီး ဒီတကြိမ်နဲ့ဆိုရင် စုစုပေါင်းလူနေအိမ် ၂၄၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အခုလိုစစ်ကြောင်းထိုး မီးရှို့နေတာကြောင့် အောင်ချမ်းသာ၊ သခွတ္တော၊ ဘင်တဲကုန်း၊ အောင်တက်ကုန်း၊ သဖန်းကုန်းစတဲ့ ကျေးရွာ ၅ ရွာက ဒေသခံ ၁ သောင်းကျော်ဟာ ဧပြီလ ၂၄ ရက်ဒီနေ့အထိ ကျေးရွာထဲကို ပြန်မဝင်နိုင်ကြသေးဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

"စကစတွေက အောင်ချမ်းသာက အိမ်တွေကို မီးရှို့ပြီး သခွတ္တောရွာကိုအပြန်မှာ ဘင်တဲကုန်းရွာက ၂ အိမ်ကိုလည်း မီးရှို့ခဲ့သေးတယ်ဗျ။ ဒီ ၂ ရွာက ကပ်လျှက်ပါ။ ပြီးတော့ သခွတ္တောရွာကလည်း ဒေသခံ ၁၅ ယောက်ကို ဖမ်းထားတယ်။ ဒီနေ့ပြန်အထွက်မှာတော့ ဘယ်သူပါသွားတယ်။ ကျန်တယ်ဆိုတာ စီစစ်နေတုန်းဗျ။ သခွတ္တောရွာထဲလည်း သိပ်မဝင်ရဲကြသေးဘူး" လို့ ဆိုပါတယ်။

ခုစစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ဧပြီလ ၁၈ ရက်ကတည်းက ရွှေဘိုမြို့ကနေ ဝက်လက်မြို့နယ်ထဲကို ရောက်ရှိလာတဲ့ စစ်ကြောင်းဖြစ်ပြီး၊ လက်ရှိမှာတော့ လှတောကျေးရွာအနီးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ပုံစာ - မတ်လအတွင်း အောင်ချမ်းသာကျေးရွာကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့စဥ်။ (ပုံဟောင်း)

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10