ဝက်လက်က လယ်ကိုင်းရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ဒေသခံ ၃ ဦး ဒဏ်ရာရ

ဝက်လက်က လယ်ကိုင်းရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ဒေသခံ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လယ်ကိုင်းရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံတွေလည်း ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့သြဂုတ်လ ၁၇ ရက် နေ့လယ် ၁၂နာရီခွဲလောက်က လယ်ကိုင်းရွာစာသင်ကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ၄၀ မမ ဗုံးနှစ်လုံးချခဲ့ရာမှာ စာသင်ကျောင်းထဲကို မကျဘဲ စာသင်ကျောင်းအနောက်ဘက်က နေအိမ်ပေါ်ကိုကျပြီး နေအိမ်ခေါင်မိုးတွေပျက်စီးကာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဗုံးချခံရတာကြောင့် နေအိမ်ထဲက ခြင်ထောင်တွေ မီးလောင်သွားခဲ့သလို အသက် ၅၀ အရွယ်နဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ၂ ဦး၊ အသက် ၃၄ နှစ်အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

"သုံးယောက်လုံးဆေးကုသမှုခံယူနေပါတယ်။"လို့  GZ Special Task Force (မိုင်းဘီလူးတပ်ခွဲ)က ရဲဘော်ကျားဘုရင်က ပြောပါတယ်။

လယ်ကိုင်းကျေးရွာစာသင်ကျောင်းထဲမှာ ဟန်လင်းရွာက စစ်ရှောင်ပြည်သူတချို့ ရောက်ရှိနေသလို PDF တပ်ဖွဲ့ဝင်တွေလည်း ရှိနေတယ်လို့ သတင်းရတာကြောင့် အခုလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ သြဂုတ် ၁၆ ရက် မနေ့က ရွှေဘိုမြို့နယ်၊ ငပိအိုးကျေးရွာဘက်ကနေ ထွက်လာတာဖြစ်ပြီး ညနေပိုင်းမှာ ဟန်လင်းကျေးရွာထဲ ဝင်လာတာဖြစ်ပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာ ဟန်လင်းကျေးရွာမှ ထွက်လာပြီး လယ်ကိုင်ကျေးရွာကို အခုလို ဒရုန်းနဲ့ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်ဟာ ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ ၆၀ မမတွေနဲ့ ထပ်မံပစ်ခတ်တာကြောင့် အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ လယ်ကိုင်းရွာက ဒေသခံတွေဟာ ရှောင်တိမ်း နေရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #လယ်ကိုင်းရွာ #စစ်တပ် #ဒရုန်း #ဟန်လင်း  #လယ်ကိုင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10