ဝက်လက်နယ်က တံတားတခုပေါ်မိုင်းကွဲလို့ အမျိုးသမီးတဦးသေဆုံး

ဝက်လက်နယ်က တံတားတခုပေါ်မိုင်းကွဲလို့ အမျိုးသမီးတဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကတို့ကိုင်းကျေးရွာအနီးရှိ တံတားပေါ်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတဦး သေဆုံးကာ ကလေးငယ်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

နိုဝင်ဘာ ၂၃ ရက် ဒီနေ့မနက် ၇ နာရီလောက်က ကတို့ကိုင်းရွာကနေ သမ္မာရိုးရွာဘက်ကို ဖြတ်လာတဲ့ အသက် ၃၀ အရွယ်မိခင်နဲ့ အသက် ၈ နှစ်အရွယ်ယောကျာ်းလေးတို့က အဆိုပါတံတားပေါ်မှာ မိုင်းနင်းမိပြီး မိခင်ဖြစ်သူက နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။

"အမေဖြစ်သူက ခါးပြတ်သွားတယ်။ ကလေးကလည်း ဒဏ်ရာပြင်းထန်တယ်။ ဆေးကုဖို့ခေါ်သွားပြီ " လို့ ဒေသခံတဦးက ပြောပါတယ်။

ရွှေပန်းကုန်းကျေးရွာ စခန်းသိမ်းတိုက်ပွဲအပြီးမှာ စစ်တပ်က ကတို့ကိုင်းကျေးရွာနဲ့ တမိုင်ကျော်အကွာရှိ ဇရစ်ကျေးရွာမှာ လာရောက်တပ်စွဲထားတာကြောင့် ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာမှာ စိုးရိမ်ပြီး ဒီတံတားပေါ်မှာ ကာကွယ်ရေးတပ်တွေက မိုင်းတွေဆင်ထားတာလို့ သိရပါတယ်။

"ဒီတံတားက ရွှေဘို -မုံရွာဆက်သွယ်ထားတဲ့ မူးတံတားပါ။ ပြည်သူတွေ ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့လည်း ကာကွယ်ရေးတပ်တွေက တားမြစ်ထားပါတယ်။ ကင်းသမားတွေလည်းရှိတယ်။ အခုက ကင်းသမားကလည်း မသိလိုက်တာ"လို့ ဒေသခံတဦးက ပြောပါတယ်။

အမျိုးသမီးအလောင်းကိုတော့ ဒေသခံတွေက ကောက်ယူသွားပြီး သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေကာ ကလေးကိုတော့ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က ဝက်လက်မြို့နယ်အနောက်ခြမ်း၊ ရွှေပန်းကုန်းကျေးရွာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်ကလည်း အနီးကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အင်အားဖြည့်တင်းတာတွေ လုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လတာအတွင်း ၁၀၂ ဦးသေဆုံးကာ ၄၅၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ UNICEF Myanmar က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ဝက်လက် #မိုင်းကွဲ #အမျိုးသမီးသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10