ဝက်လက်နယ်၊ မြစ်ကမ်းဘေးက ရွာတွေကို စစ်သင်္ဘောနဲ့ပစ်ခတ်လို့ ဒေသခံတွေထွက်ပြေး

ဝက်လက်နယ်၊ မြစ်ကမ်းဘေးက ရွာတွေကို စစ်သင်္ဘောနဲ့ပစ်ခတ်လို့ ဒေသခံတွေထွက်ပြေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတချို့ကို ဩဂုတ်လ ၃၁ ရက် ညနေမှာ စစ်ကောင်စီရဲ့စစ်သင်္ဘောတစီးက လာရောက်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

သြဂုတ်လ ၃၀ ရက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မနေ့က သြဂုတ် ၃၁ ရက် ညနေ ၄ နာရီကျော်မှာ ထုံးကြီးကျေးရွာကနေ စစ်သင်္ဘောနဲ့လာပြီး ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ရေလည်မော်၊ မော်ဦးနဲ့ ကမ်းဖြူကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

"မနေ့ညနေကနေ ညအထိ တရစပ်လက်နက်ကြီးနဲ့ မရပ်မနားပစ်နေတာ" လို့ ဒေသခံတဦးက ပြောပါတယ်။ 

စက်တင်ဘာလ ၁ ရက် ဒီနေ့မနက်မှာတော့ စစ်သင်္ဘောဟာ ရွာသာယာကျေးရွာအနီးမှာ ဆိုက်ကပ်ထားတယ်လို့ သိရပါတယ်။ 

အဲ့ဒီစစ်သင်္ဘောကနေ ပစ်ခတ်တာကြောင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေအပါအဝင် စာသင်ကျောင်းတွေလည်း ပိတ်ထားရပြီး ကမ်းဖြူ၊ မော်ဦး၊ ရေလည်မော် စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၃,၀၀၀ ကျော်လည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

ယခုတိုက်ခိုက်ခံရတဲ့ ရွာသာယာကျေးရွာကို စစ်တပ်က လက်နက်အင်အားအပြည့်အစုံတပ်ဆင်ထားပြီး ရိက္ခာပို့ဆောင်သလို အဲဒီကျေးရွာက ပျူစောထီးတွေဟာ စစ်တပ်ရောက်လာရင် စစ်တပ်နဲ့ ပူးပေါင်းပြီး အနီးနားကျေးရွာတွေက ပစ္စည်းတွေကို လိုက်လံလုယက်တာတွေ မကြာခဏလုပ်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စာတည်း - လင်းဇေ
#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ဧရာဝတီမြစ် #စစ်သင်္ဘော #စစ်ကောင်စီ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10