ဝက်လက်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း ကြားညှပ်တိုက်ခံရပြီး လေကြောင်းပစ်ကူယူနေရ

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း ကြားညှပ်တိုက်ခံရပြီး လေကြောင်းပစ်ကူယူနေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်း၊ သန်းတောကြီးကျေးရွာနဲ့ သစ်ပုတ်ကုန်းကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ပိတ်မိနေတာကြောင့် လေကြောင်းပစ်ကူပေးနေရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ 

ရွှေဘိုကနေ လှတောရဲစခန်းကိုရောက်နေတဲ့ စစ်အင်အား ၁၃၀ လောက်က ဒီနေ့ မနက် ၇ နာရီမှာ လှတောရဲစခန်းရဲ့ အနောက်ဘက်က လယ်တောကြားတွေကနေ ကာကွယ်ရေးတပ်တွေ သိမ်းထားတဲ့ ရွှေပန်းကုန်းကျေးရွာရဲစခန်းဘက်ကို သွားတယ်လို့သိရပါတယ်။

အဲ့ဒီစစ်ကြောင်းကို လှတောရဲစခန်းနဲ့ ၁ မိုင်ခန့်အကွာ အရောက်မှာ ကာကွယ်ရေးတပ်တွေက ဆီးကြိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"သူတို့(စကစ)က လယ်တောကြားက ပြည်သူ့ကာကွယ်ရေးတွေကတော့ လမ်းတွေပေါ်ကပေါ့။ နှစ်ဖက်က မြင်နေရတာနီးနီးလေးတင် တိုက်ပွဲဖြစ်တာ။ အလောင်းတွေကို ဆွဲထုတ်နေတာမြင်နေရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းက ရွှေပန်းကုန်းကျေးရွာကိုရောက်ဖို့ ၄ မိုင်ကျော်လိုနေသေးတာကြောင့် နောက်ပြန်လှည့်ပြီး လှတောရဲစခန်းဘက်ကို ပြန်ဝင်ဖို့ကြိုးစားခဲ့ပေမယ့် ပိတ်မိနေတာကြောင့် နေ့ခင်း ၁ နာရီမှာ မုံရွာနမခဘက်ကနေ Mi-35 နဲ့ လေကြောင်းပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။  

"ညနေ ၃ နာရီအထိ ၂ နာရီကြာအောင် လေကြောင်းပစ်သွားတယ်။ အဲ့ဒါအပြီး ဆီကုန်လို့လား မသိဘူး ရွှေဘိုဘက်ခဏဆင်းပြီး ညနေ ၄ နာရီမှာ နောက်ထက် နာရီဝက်ထပ်လာပစ်ခတ်ခဲ့တယ်။ ကာကွယ်ရေးတွေဘက်က အခုထိအကျအဆုံးသတင်း မကြားရသေးပါဘူး" လို့ ဒေသခံက ဆက်ပြောပါတယ်။

ကြားညှပ်အတိုက်ခံနေရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လှတောရဲစခန်းဆီကို မရောက်နိုင်သေးသလို လှတော ရဲစခန်းထဲကလည်း စစ်ကူမပေးနိုင်ဘူးလို့ သိရပါတယ်။ 

ဒီနေ့ညနေပိုင်းအထိ ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း အသေးစိတ်အချက်အလက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

ရွှေပန်းကုန်းကျေးရွာရဲစခန်းကို နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထားပြီး စစ်ကောင်စီလက်အောက်ခံရဲတွေနဲ့ ကူညီပေးသူ စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #သန်းတောကြီးကျေးရွာ #သစ်ပုတ်ကုန်ကျေးရွာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #Mi35 #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10