ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ချေမှုန်းတိုက်ခိုက်

ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ချေမှုန်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ရွှေဘိုမြို့ကထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ၂ ခုဟာ ဝက်လက်မြို့နယ်ထဲအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ချေမှုန်းတိုက်ခိုက်ခြင်းကို ခံလိုက်ရတယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာကို စီးနင်းတပ်စွဲနေတဲ့ စစ်ကောင်စီတပ်မ ၃၃ လက်အောက် စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြီး လက်နက်၊ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ - နယ်စည်းမခြားတော်လှန်ရေးအင်အားစု ဆီက သိရပါတယ်။

ကျေးရွာအတွင်းရှိနေတဲ့ အင်အား ၇၀ ကျော်ပါ တပ်မ ၃၃ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၅ ရက် မနေ့မနက် ၆ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၆ နာရီကြာတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျန်တဲ့ စစ်ကောင်စီတပ်သားတွေကတော့ တောထဲကိုထွက်သွားတာကြောင့် ကျနော်တို့ လိုက်လံရှင်းနေပါတယ်” လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ နယ်စည်းမခြားတော်လှန်ရေးအင်အားစုရဲ့ ပြောရေးဆိုခွင့်ရှိသူ နေမျိုးပဲခူးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော်သေဆုံး၊ ၃ ဦး အရှင်ဖမ်းမိထားကာ MA 1 သေနတ် ၅ လက်၊ မြေမြှုပ်မိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ၆၀ မမ ဗုံးသီး ၃ လုံး၊ Jammer စက် ၁ လုံးနဲ့ ခဲယမ်းပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့  ဆိုပါတယ်။

တိုက်ပွဲတွင်း စစ်ကောင်စီတပ်ရဲ့ထိခိုက်သေဆုံးမှုအခြေအနေတွေနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဆားတောင်မြို့ကနေထွက်လာတဲ့ တပ်မ ၃၃ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၄ ရက်မှာ ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီးတပ်စွဲထားစဉ် ဇန်နဝါ ရီ ၅ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ဒီပစ်ခတ်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၈ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊ ရွှေဘိုခရိုင် တပ်ရင်း ၂၃ ၊ ကြောင်လက်သည်းတပ်ဖွဲ့ ၊ တပ်ရင်း ၁၈ တပ် ခွဲ ၁ ဝက်လက်မင်းသားကြီးအဖွဲ့ ၊ တပ်ခွဲ ၂ ProLife အဖွဲ့ ၊ တပ်ခွဲ ၃ ဗိုလ်သင်္ချိုင်းအဖွဲ့ ၊ တပ်ခွဲ ၄ ဗိုလ်ကျားကြီးအဖွဲ့ ၊ ဝက်လက်ဒေါင်းနီအဖွဲ့ ၊ ဒေါင်းစစ်သည်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းမှ ထွက်လာတဲ့ စစ်ကြောင်းကို ဝက်လက်မြိုန့ယ်၊ မှတ်ထိကျေးရွာနဲ့ မင်းကုန်းကျေးရွာကြားမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတခုလုံးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းမှူး ဗိုလ်ကောက်ရိုး က ဆိုပါတယ်။ 

အင်အား ၇၀ ကျော်ပါတဲ့ အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၃ ရက်မှာ ရွှေဘိုကနေစတင်ထွက်ခွာလာတာဖြစ်ပြီး ချောင်းဆုံကျေးရွာနဲ့ လည်ကိုင်းကျေးရွာတွေမှာ တညစီ ယာယီတပ်စွဲညအိပ်ခဲ့ပါတယ်။ ဇန်နဝါရီ ၅ ရက် မနက်ပိုင်း လည်ကိုင်းကျေးရွာကနေထွက်ခွာလာပြီးနောက် ၀က်လက်အရှေ့ခြမ်း မှတ်ထိကျေးရွာနဲ့ မင်းကုန်းကျေးရွာကြားအရောက်မှာ တော်လှန်ရေးတပ်တွေနဲ့ ထိ‌တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

တိုက်ပွဲဖြစ်ပွားချိန် ၉ နာရီ နီးပါးကြာမြင့်ခဲ့ပြီး စစ်ကြောင်းတကြောင်းလုံးကို အပြီးသတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းမှူး ဗိုလ်ကောက်ရိုး က ပြောပါတယ်။ 

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့တယ်လို့ သူ ဆိုပါ တယ်။ 

၀က်လက်မြို့ကထွက်လာတဲ့  စစ်ကောင်စီရဲ့ စစ်ကူတပ်အင်အား ၃၀ ကို ဖြတ်တောက်ရေးပြန်လုပ်နေရတဲ့ အတွက် ရွှေဘိုခရိုင်တပ်ရင်းအနေနဲ့ ရှင်းလင်းရေး မ၀င်ရသေးတာကြောင့် စစ်ကောင်စီဘက်က အသေအပျောက်စာရင်းနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

" ၂၀၂၄ ခုနှစ်အတွင်းက ခုလိုမျိုး အပြတ်မဖြုတ်နိုင်ခဲ့ဘူး။ ၂၀၂၅ ခုနှစ်မှာ ကျနော်တို့ ၁၀၂၇ ဒုတိယလှိုင်းက အလက်တွေ(သေနတ်‌တွေ)ရလာတော့ ခုလိုမျိုးထိထိရောက်ရောက် လုပ်နိုင်ခဲ့တာပါ။" လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊ အမှတ် ၂ ခရိုင်ကွပ်ကဲရေး ရွှေဘိုခရိုင် အမှတ်တပ်ရင်း ၁ ၊ ၂ နဲ့ မြို့နယ် ပကဖ၊ ၀က်လက်တိုက်နယ် ၂ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပုံစာ - ဆားတောင် ၊ အုန္နဲဘုတ်ရွာတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ရရှိခဲ့သည့် စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများနှင့် ဝက်လက်အရှေ့ခြမ်းတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

သတင်း - ဒိန်းဂျား၊ လက်ျာ၊ စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားတောင်မြို့ #စစ်ကောင်စီစစ်ကြောင်း #ရွှေဘိုမြို့ #ဝက်လက်မြို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10