ဝက်လက်မြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုး၊ ဒေသခံ ၁၅,၀၀၀ ကျော်ထွက်ပြေးနေရ

ဝက်လက်မြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုး၊ ဒေသခံ ၁၅,၀၀၀ ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က တင့်ကားသုံးပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံ ၁၅,၀၀၀ ကျော်ထွက်ပြေးနေရပြီး ဒေသခံ ၆ ဦးဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒီနေ့ သြဂုတ် ၂၆ ရက် မနက် ၅ နာရီလောက်မှာ စစ်ကိုင်းမြို့မှ တပ်မ ၃၃ က အင်အား ၁၀၀ လောက်နဲ့ မဲကုန်းရွာ အရှေ့ဘက်နဲ့ ကျီးကန်တောင်ရွာဘက်ကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့အပြင် ရွှေဘိုမြို့ဘက်မှ သံချပ်ကာ အမြောက်ကားတစီးအပါအဝင် စစ်ကားတွေလည်း ဒီနေ့ မနက် ၇ နာရီခွဲ လောက်က လှတောရဲစခန်းကို ရောက်လာတာမို့ အနီးနားကျေးရွာတွေက ဒေသခံတွေ အားလုံးထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

"ကျီးကန်မြောက်ရွာက ဒေသခံတချို့က မဖမ်းလောက်ဘူးဆိုပြီး ဘုန်းကြီးကျောင်းမှာတင်ရှောင်ကြတဲ့သူတွေ ရှိတယ်။ အဲ့ဒီဘုန်းကြီးကျောင်းထဲက ၆ ဦး အဖမ်းခံထားရတယ်လို့ ကြားတယ်။ အခု ကျီးကန်မြောက်ရွာထဲက နေအိမ်တွေကို မွှေနေတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီစစ်ကြောင်းတွေ ဝင်ရောက်လာစဥ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ဝင်ရောက်လာတာမို့ မဲကုန်း၊ ကျီးကန်တောင်ရွာ၊ မြောက်ရွာ၊ တမာ၊ ဥသျှစ်ကုန်း၊ ဥယျာဥ်မကျေးရွာတွေအပါအဝင် ကျေးရွာ ၁၅ ရွာခန့် ရှောင်တိမ်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်လို့ သတင်းရတဲ့အတွက် အခုလို စစ်ကြောင်း ထိုးနေတာဖြစ်ပြီး မဲကုန်းကျေးရွာအရှေ့ဘက်က ငှက်ပျောတောထဲမှာ စစ်ကြောင်းတကြောင်း၊ ကျီးကန်မြောက် ရွာမှာ စစ်ကြောင်းတကြောင်းရှိနေပြီး လှတောရဲစခန်းထဲမှာတော့ ရွှေဘိုကလာတဲ့ စစ်ကြောင်းနဲ့ စစ်ကိုင်းကလာတဲ့စစ်ကြောင်းတို့ ပူးပေါင်းနေတယ်လို့ သိရပါတယ်။

ဒီဝက်လက်နယ်အနောက်ခြမ်းက ကျေးရွာတွေဟာ မကြာခဏစစ်ကြောင်းထိုးမွှေနှောက်ကာ မီးရှို့ခံထားရတဲ့ ကျေးရွာတွေဖြစ်ပြီး ပြီးခဲ့တဲ့ဧပြီလကပဲ မဲကုန်း၊ ကျီးကန်တောင်ရွာ၊ ကျီးကန်မြောက်ရွာတို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ကျီးကန်းတောင်ရွာ #မဲကုန်း #စစ်ကြောင်းထိုး #သတင်း #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10