ဝက်လက်မြို့နယ် PDF တပ်ရင်း ၂ မှ ရဲဘော်တဦးက သူ့ကိုမကြိုက်တဲ့မိန်းကလေးကို သေနတ်နဲ့ပစ်သတ်

ဝက်လက်မြို့နယ် PDF တပ်ရင်း ၂ မှ ရဲဘော်တဦးက သူ့ကိုမကြိုက်တဲ့မိန်းကလေးကို သေနတ်နဲ့ပစ်သတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၂ မှ တပ်စိတ်မှူးက သူ့ကိုပြန်မကြိုက်တဲ့ မိန်းကလေးတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကထံက သိရပါတယ်။ 

အသတ်ခံရသူမှာ သခွတ္တောကျေးရွာက အသက် ၂၂ အရွယ် မယုမွန်ထက်ဖြစ်ပြီး သူ့ရဲ့မိဘတွေရှေ့ နေအိမ်မှာတင် သေနတ်နဲ့အပစ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ 

သခွတ္တောရွာကမယုမွန်ထက်ဟာ မန္တလေးမြို့မှာနေထိုင်တဲ့ လိင်တူချစ်သူအမျိုးသမီး (အမျိုးသားစိတ်ခံယူထားတဲ့ အမျိုးသမီး)နဲ့ ချစ်ကြိုက်နေတာဖြစ်ပြီး အဲဒီအမျိုးသမီးက သခွတ္တောရွာကိုလာတွေ့စဥ် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီလောက်မှာ ဝက်လက်မြို့နယ်တပ်ရင်း ၂ ရဲ့ တပ်စိတ်မှူး ကိုပြည့်ဆိုသူက ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဆိုပါတယ်။ 

"ကောင်မလေးကို နင်သူ့ကို မကြိုက်နဲ့ ငါ့ကိုကြိုက်ဘာညာဆိုပြီး ပြောတာ၊ ကောင်မလေးက ချစ်လည်း မချစ်နိုင်ဘူး အိမ်ထဲကထွက်သွားလို့ ပြောတော့ သေနတ်နဲ့ပစ်သတ်သွားတာ။ သေနတ်က အိမ်ထဲရောက်မှ မောင်းတင်တာ မဟုတ်ဘူး။ အစကတည်းက မောင်းတင်ပြီး ယူလာတာ" လို့ အခင်းဖြစ်ပွားတဲ့နေရာနဲ့ အနီးဆုံးမှာရှိနေသူတဦးရဲ့ပြောကြားချက်ကို ဒေသခံတဦးက ပြန်ပြောပြပါတယ်။

ဒါ့အပြင် မန္တလေးမြို့ကနေရောက်နေတဲ့ လိင်တူချစ်သူအမျိုးသမီးကိုပါ သေနတ်နဲ့ပစ်ဖို့ ပြုလုပ်ချိန်မှာ သေနတ်က ကျည်မထွက်ဘဲဖြစ်နေတာကြောင့် အဲဒီအမျိုးသမီးဟာ အသက်ဘေးက လွတ်ခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့သူတွေ ကပြောပါတယ်။

အဲဒီ အမျိုးသားစိတ်ခံယူထားတဲ့ အမျိုးသမီးကို ဝက်လက်တပ်ရင်း ၂ ကပဲ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက မြေလတ်အသံကို ပြောပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဝက်လက်မြို့နယ်တပ်ရင်း ၂ ရဲ့ ဒုတပ်ရင်းမှူး ကိုနေလှိုင်းက ဖြစ်စဥ်ဟာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး "(အမျိုးသားစိတ်ခံယူထားတဲ့ အမျိုးသမီးကို) ဖမ်းဆီးထားတဲ့ သဘောမျိုး မဟုတ်ပါဘူး။ အဲဒီအဆင့်ထိ လုပ်မထားပါဘူး။ အမှုနဲ့ပတ်သက်တဲ့သူမို့ ထိန်းသိမ်းထားတာပါ" လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့သူကိုလည်း တပ်ရင်းမှာတင်မကဘဲ သက်ဆိုင်ရာ အဆင့်အဆင့်ကနေစံနမူနာ ဖြစ်လောက်တဲ့အထိ အရေးယူမှုမျိုးတော့ ဖြစ်အောင်လုပ်သွားမယ်လို့ သူက ဆိုပါတယ်။

တပ်စိတ်မှူးကိုပြည့်ဆိုသူဟာ အရင်ကလည်းသူ့ကိုပေးထားတဲ့ ကျည်ဆံတွေကျပျောက်ခဲ့ပြီး တပ်ရင်း တာဝန်ရှိသူတွေကို အခိုးခံရတာလို့ ပြောဆိုတာမျိုးရှိခဲ့ပါတယ်။ ကျည်ဆံကောက်ရလို့ လာပေးတဲ့ဒေသခံတဦးကိုလည်း ခိုးယူတယ်လို့ စွပ်စွဲပြီး ဝိုင်းဝန်းရိုက်နှက်တာတွေပြုလုပ်ခဲ့သေးတယ်လို့  ဝက်လက်မြို့နယ် PDF တပ်ရင်းတခုထံက သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ပြည်သူ့ကာကွယ်ရေးတပ်မတော် #တပ်ရင်း၂ #တပ်စိတ်မှူး #မိန်းကလေး #Tomboy #ပစ်ခတ်သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10