ဝက်လက်မြို့ မီးရထားလမ်းတလျှောက် စစ်တပ်က စစ်ကြောင်းထိုး၊ ဒေသခံ ၁ ဦးကို သတ်သွား

ဝက်လက်မြို့ မီးရထားလမ်းတလျှောက် စစ်တပ်က စစ်ကြောင်းထိုး၊ ဒေသခံ ၁ ဦးကို သတ်သွား

ဝက်လက်မြို့နယ်တောင်ဘက်ခြမ်း၊ မီးရထားသံလမ်းအတိုင်း ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၁,၅၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးကို သတ်သွားတယ်လို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

သေဆုံးခဲ့တဲ့ ဒေသခံဟာ ဝက်လက်မြို့နယ်၊ သာလိုင်းကျေးရွာက အသက် ၆၀ အရွယ် ဦးသံချောင်းဆိုသူဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်စဥ်မှာ စစ်ကြောင်းနဲ့တွေ့ပြီး ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ စစ်ကြောင်းက ဆက်တိုက်ထိုးနေတာကြောင့် သေဆုံးသူ ရုပ်အလောင်းကိုကောက်ပြီး ချက်ချင်း သင်္ဂြိုဟ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၂ ရက် ဒီနေ့မနက် ၈ နာရီလောက်ကစတင်ကာ စစ်တပ်က စစ်ကြောင်းထိုးနေတာဖြစ်ပြီး မီးရထားလမ်းပြန်ဖွင့်ဖို့ စစ်အုပ်စုကြိုးစားနေတာနဲ့ သက်ဆိုင်နိုင်တယ်လို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ကိုနဂါးလေးက ပြောပါတယ်။

"သူတို့လက်ရှိလုပ်နေတဲ့ပုံစံက စစ်ကိုင်းမြို့နယ်၊ ပဒူရွာကိုလည်း စကစက တပ်စွဲလိုက်တယ်။ အထိုင်ရဲစခန်းအပြင် စစ်အင်အား ထပ်တိုးထားတယ်။ သူတို့မှာလည်း ရိက္ခာပြတ်တာတွေရှိတယ်။ ဝက်လက်နဲ့ ဒီဘက်ခြမ်းတွေကို ရိက္ခာသွားချင်လို့ ရထားလမ်းကို အသုံးပြုလိမ့်မယ်လို့ ယူဆရတယ်" လို့ ကိုနဂါးလေးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ရုံးသာရွာ၊ သာလိုင်းရွာနဲ့ သုံးဆင့်ကန်ရွာကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်အထိတော့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ မရှိသေးဘူးလို့လည်း သိရပါတယ်။ 

စစ်တပ်ဝင်မွှေနေတဲ့ အဲ့ဒီကျေးရွာသုံးရွာအပါအဝင် ကျေးရွာ ၅ ရွာလောက်ဟာ မိုးရေထဲမှာ ရှောင်တိမ်းနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာ စစ်အုပ်စုက ဝက်လက်နယ် အနောက်ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းတွေမှာ စစ်ကြောင်းတွေ ထိုးနေတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်တပ်အာဏာမသိမ်းခင်က ဝက်လက်ဘူတာ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #မီးရထားလမ်း #ဘူတာ #စစ်ရှောင် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10