ဝက်လက်မှ ထွက်လာတဲ့စစ်ကြောင်းက ဒေသခံ ၂ ဦးကိုသတ်ပြီး ရထားလမ်းတလျှောက်က ရွာတွေကို မီးရှို့

ဝက်လက်မှ ထွက်လာတဲ့စစ်ကြောင်းက ဒေသခံ ၂ ဦးကိုသတ်ပြီး ရထားလမ်းတလျှောက်က ရွာတွေကို မီးရှို့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ကနေ ရထားလမ်းတလျှောက် ဇူလိုင် ၁၂ ရက်ကတည်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒေသခံ ၂ ဦးကိုသတ်ပြီး ရထားလမ်းတလျှောက်ရှိ ကျေးရွာတွေကို မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

အဲဒီစစ်ကြောင်းဟာ ဇူလိုင် ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာတော့ စစ်ကိုင်းမြို့နယ်၊ ခက်ခအရှေ့ရွာကို ထပ်မံမီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဒီစစ်ကြောင်းက ဇူလိုင် ၁၂ ရက်မှာ ဝက်လက်မြို့ထဲကနေ မီးရထားသံလမ်းအတိုင်းစစ်ကြောင်းထိုးခဲ့ပြီး သာလိုင်းရွာက အမျိုးသားတဦးနဲ့ သုံးဆင့်ကန်ရွာက အမျိုးသားတဦးကို သတ်ဖြတ်ခဲ့ပြီး ပေါက်ကန်ရွာ၊ သုံးဆင့်ကန်ရွာနဲ့ ထန်းကြီးရွာတို့ကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းဖြစ်ပါတယ်။ 

ဒီနေ့မနက် ၇ နာရီခွဲလောက်မှာတော့ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကနေထွက်လာတဲ့ အဲဒီစစ်ကြောင်းဟာ ခက်ခအရှေ့ရွာနဲ့ အနောက်ရွာကို လက်နက်ငယ်တွေနဲ့ပစ်ခတ်ကာ နှစ်ဖွဲ့ခွဲဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

"ဖမ်းဆီးခံရတာတော့ မရှိဘူး။ စစ်ကြောင်းက ထန်းကြီး(ရွာ)ရောက်ကတည်းက ရွာထဲက လူတွေက ရှောင်နေကြပြီ။ အရှေ့ရွာတော့ မီးရှို့တယ်။ အပျက်အစီးမသိရသေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ လက်ရှိအချိန်မှာ ခက်ခအရှေ့ရွာနဲ့ အနောက်ရွာကြားက သံလမ်းအတိုင်း စစ်ကိုင်းဘက်ကို ဆက်လက်ထွက်သွားတယ်လို့ ဝက်လက်မြို့နယ် သတင်းပြန်ကြားရေးအဖွဲ့မှ ကိုနဂါးလေးက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်ထဲက ပဒူကျေးရွာမှာ စစ်တပ်အထိုင်ရှိတာကြောင့် အခုစစ်ကြောင်းဟာ ပဒူကျေးရွာကို ဝင်မယ့်သဘောရှိတယ်လို့ သူက ဆက်ပြောပါတယ်။ 

ပုံစာ - ဝက်လက်မြို့နယ်က ပေါက်ကန်ကျေးရွာကို စစ်တပ်က မီးရှို့ခဲ့စဉ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့ #ရထားလမ်း #ခက်ခရွာ #ပဒူရွာ #စစ်ကောင်စီ #စစ်ကြောင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10