ဝက်လက်မှာ စစ်တပ်က မသန်စွမ်းအမျိုးသားတဦးအပါ ၃ ဦးကိုသတ်၊ အမျိုးသား ၁ ဦးလည်း နှလုံးရပ်သေဆုံး

ဝက်လက်မှာ စစ်တပ်က မသန်စွမ်းအမျိုးသားတဦးအပါ ၃ ဦးကိုသတ်၊ အမျိုးသား ၁ ဦးလည်း နှလုံးရပ်သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးမွှေနှောက်ကာ ဒေသခံအမျိုးသား ၃ ဦးကိုသတ်ခဲ့တဲ့အပြင် နောက်ထပ်အမျိုးသား တဦးလည်း နှလုံးရပ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။  

သြဂုတ်လ ၁၁ ရက်မနေ့ မနက်အစောပိုင်းကစလို့ တလိုင်းရွာ၊ ကျောင်းဖြူ၊ ပယ်သူကြီး၊ ထန်းကြီး စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ဒေသခံတွေကို သတ်ခဲ့တာလို့ ဆိုပါတယ်။ 

"ဒီနေ့မနက် (သြဂုတ် ၁၂) ပယ်သကြီးရွာမှာ မသန်စွမ်း စိတ်သိပ်မနှံ့တဲ့ အသက် ၂၉ အရွယ် အမျိုးသားကို သေနတ်ဒဏ်ရာနဲ့ သေနေတာတွေ့တယ်။ နောက်ပြီး အသက် ၅၀ အရွယ်အမျိုးသားလည်း နှလုံးရပ်ပြီးသေသွားတယ်။ ထန်းကြီးရွာကလည်း လူငယ် ၂ ဦး သတ်ဖြတ်ခံထားရတယ် "လို့ Wetlet information networkက ကိုနဂါးလေးက ပြောပါတယ်။

သေဆုံးသူအားလုံးရဲ့ အလောင်းတွေကို သက်ဆိုင်ရာကျေးရွာတွေမှာ ဒီမနက်မှတွေ့ရှိခဲ့တဲ့အတွက် သူတို့ကို ဘယ်အချိန်မှာ သတ်ခဲ့လဲဆိုတာကိုတော့ မသိရဘူးလို့ ကိုနဂါးလေးက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ညပိုင်းက ပယ်သူကြီးကျေးရွာမှာ တညအိမ်စခန်းချခဲ့ကာ ဒီမနက် ရွာကနေ ပြန်ထွက်သွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နဲ့ ဒေသခံတွေက နယ်မြေရှင်းလင်းရေး ဝင်လုပ်ချိန်ကျမှ အလောင်းတွေကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကြောင်းဝင်ချိန်မှာလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ပယ်သကြီးရွာက ဒေသခံ ၇ ဦးကို ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်ရှိမှာတော့ ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကြောင်းဖြစ်ပြီး လက်ရှိမှာတော့ ပဒူကျေးရွာကို ပြန်ထွက်သွားပြီး အဲ့ဒီမှာပဲ တပ်ချထားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ဝက်လက် #စစ်ကေင်စီ #စစ်ကြောင်းထိုး #ဒေသခံသတ်ဖြတ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10