ဝက်လက်မှာ ကြားညှပ်တိုက်ခံနေရတဲ့စစ်ကြောင်း ထွက်မရသေး၊ PDF က ကားလမ်းတွေ ပိတ်ထား

ဝက်လက်မှာ ကြားညှပ်တိုက်ခံနေရတဲ့စစ်ကြောင်း ထွက်မရသေး၊ PDF က ကားလမ်းတွေ ပိတ်ထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းက ရွှေပန်းကုန်းရဲစခန်းကိုဝင်ရောက်ဖို့ကြိုးစားခဲ့တဲ့ စစ်တပ်စစ်ကြောင်း အထိနာပြီး ရွှေဘိုကိုတပ်ပြန်ဆုတ်ဖို့ပြင်နေတာကြောင့် ဝက်လက်-ရွှေဘိုကားလမ်းပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေဘိုကနေ လှတောရဲစခန်းကိုရောက်နေတဲ့ စစ်အင်အား ၁၃၀ လောက်က နိုဝင်ဘာ ၂၄ ရက် မနေ့ မနက် ၇ နာရီမှာ လှတောရဲစခန်းရဲ့အနောက်ဘက်က လယ်တောကြားတွေကနေ ကာကွယ်ရေးတပ်တွေ သိမ်းထားတဲ့ ရွှေပန်းကုန်းကျေးရွာရဲစခန်းဘက်ကို သွားဖို့ကြိုးစားခဲ့တာလို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ လှတောရဲစခန်းနဲ့ တမိုင်လောက်ပဲဝေးတဲ့ သန်းတောကြီးကျေးရွာနဲ့ သစ်ပုတ်ကုန်းကျေးရွာကြား အရောက်မှာ ကာကွယ်ရေးတပ်တွေက ဆီးကြိုတိုက်ခိုက်ခဲ့ရာမှာ မနက် ၇ နာရီကနေ ညနေ ၄ နာရီခွဲ လောက်အထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကြောင်းက ပိတ်မိနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရှေ့လည်းတိုးမရ၊ နောက်လည်း ပြန်ဆုတ်မရဖြစ်နေတာ။ သေတဲ့သူတော်တော်များတယ်။ အထမ်းတွေနဲ့ ခေါ်ထုတ်နေတာ မြင်နေရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မွန်းလွဲ ၁ နာရီကျော်မှာ စစ်တပ်က Mi-35 နဲ့ ညနေ ၃ နာရီအထိ လေကြောင်းပစ်ကူပေးခဲ့ပြီးနောက် ရွှေဘိုမြို့ကို ခဏဆင်းကာ ညနေ ၄ နာရီမှာ နောက်တကြိမ်လေကြောင်းလာပစ်ကူခဲ့တယ်လို့ သိရပါတယ်။

ညပိုင်းမှာ တိုက်ပွဲရပ်သွားပြီး အဲ့ဒီစစ်ကြောင်းဟာ လှတောရဲစခန်းဘက်ကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၂၀ ဦးထပ်မနည်း သေဆုံးနိုင်ပြီး ဓားစာခံအဖြစ်ဖမ်းခေါ်လာတဲ့ လှတောကျေးရွာသား ၃ ဦးထဲက တဦးလည်း သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။

"သူတို့အထိနာပြီး ရွှေဘိုကို တပ်ပြန်ခေါက်ဖို့ တွဲကားတစီးကို ချောဆွဲထားလို့ မနက်ကတည်းက ဆားတောင်ရဲ့ မြောက်ဘက်ကနေစပြီး ရွှေဘိုအထိ ကားလမ်းပိတ်ထားတယ်" လို့ ဒေသခံက ဆိုပါတယ်။

ဒီနေ့ညပိုင်းမှာ ရွှေဘိုမြို့က စစ်ကောင်စီတပ်တွေ ရွှေပန်းကုန်းကျေးရွာရဲစခန်းကို ပြန်လည်ဝင်ရောက်မယ့် သတင်းတွေ ကြားနေတာကြောင့် ဒေသခံတွေလည်း စောင့်ကြည့်နေရတယ်လို့ဆိုပါတယ်။

"စကစက ဒီစခန်းကို မရရအောင်ပြန်ထိုင်မယ့်သဘောရှိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ရွှေပန်းကုန်းကျေးရွာရဲစခန်းကို တော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက တိုက်ခိုက်သိမ်းဆည်းခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲ ၁၆ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသရုံးက ထုတ်ပြန်ထားပါတယ်။

ပုံစာ - ရွှေပန်းကုန်းစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးမိသည့်စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့ #ရွှေပန်းကုန်းရဲစခန်း #စစ်ကောင်စီ #လေကြောင်း #စခန်းသိမ်း #ရွှေဘို #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10