ဝက်လက်မှာ ဆယ်ကျော်သက်အရွယ် ဗကသရဲဘော်တဦး သတ်ဖြတ်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာက ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် အသက် ၁၆ နှစ်အရွယ် ကိုမြင့်မြတ်ဦး ဇူလိုင် ၈ ရက်ညပိုင်းက သတ်ဖြတ်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။

ဇူလိုင် ၈ ရက် ည ၈ နာရီလောက်က စိုင်နိုင်ကြီးကျေးရွာမှာနေထိုင်တဲ့ G-11 ကျောင်းသား ကိုမြင့်မြတ်ဦး ဟာ ကျေးရွာအပြင်ရှိသုဿန်အနီး အင်တာနက်သွားသုံးပြီးအပြန် ည ၉ နာရီလောက်မှာ ဓားထိုးခံရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ သူက ဦးကြီးတွေနဲ့ အိပ်တာ။ ဦးကြီးတွေက သားသားပြန်မလာဘူး၊ မင်းတို့ဆီများ အိပ်တာလားဆိုတော့ ငါတို့ဆီလည်း မအိပ်ဘူးဆိုပြီး သူသွားတတ်တဲ့နေရာတွေ (၂နေရာ)လိုက်ကြည့်တာ။ သင်္ချိုင်းကုန်းဘက်သွားကြည့်တော့ dead bodyတွေ့တော့တာပဲ” သေဆုံးရဲဘော်ရဲ့ဖခင်ဖြစ်သူက ပြောပါတယ်။

ကိုမြင့်မြတ်ဦးရဲ့ရုပ်အလောင်းကိုကောက်လာပြီး ရေချိုးပေးတဲ့ချိန်မှာ ဓားနဲ့လည်ပင်းလှီးဖြတ်ထားတဲ့ ဒဏ်ရာအပြင် ခန္ဓာကိုယ်မှာ နှိပ်စက်ဒဏ်ရာတွေလည်း တွေ့ရှိရတယ်လို့  ဖခင်ဖြစ်သူ ဆိုပါတယ်။

ကိုမြင့်မြတ်ဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ မနက်ပိုင်းမှာ သင်္ဂြိုဟ်ပြီးစီးခဲ့ပြီး သားဖြစ်သူသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်စေချင်တယ်လို့ ဖခင်က ဆက်ပြောပါတယ်။

“သားသားက ရန်ဖြစ်ဖို့ နေနေသာသာ စကားတောင်လူတိုင်းနဲ့ မပြောဘူး။သူ့ဘာသာ ကျောင်းနဲ့အိမ်နဲ့ ဂိမ်းတိုက်တဲ့နေရာနဲ့ ဒီ ၃ ချက်ပဲလုပ်နေတာ။ (ဘယ်သူသတ်တယ်ဆိုတာ)မျက်မြင်မဟုတ်တော့ သူများ တဖက်သားကို နစ်နာစေလိုတဲ့ ဆန္ဒတော့မရှိဘူး။ ဒါပေမယ့် အမှုမှန်လေးတော့ ပေါ်ပေါက်စေချင်တယ်” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ဒီလိုသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး  အမျိုးသားညီညွတ်ရေးအစိုးရ-NUG တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဒီကနေ့မှာ ထုတ်ပြန်ထားပြီး NUG အစိုးရဝန်ကြီးဌာနတွေကို အိတ်ဖွင့်ပေးစာပေးထားသလို ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုလည်း မေးခွန်းထုတ်ထားတယ်လို့ ဆိုပါတယ်။

" ညခင်းကြီးမှာ လူတယောက်ကို ဒီလိုမျိုးအေးအေးဆေးဆေးသတ်သွားတယ်ဆိုတာ အဲဒီဒေသမှာရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့အားနည်းချက်ဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ ဒီကိစ္စကိုမေးခွန်းထုတ်တာပါ" လို့  ဗကသများအဖွဲ့ချုပ်ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုး က ပြောပါတယ်။

ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာဟာ စစ်ကိုင်း-ရွှေဘို ကားလမ်းအနီးမှာရှိပြီး ကျေးရွာနဲ့ဘေးပတ်လည်နေရာအားလုံးကို ဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ကျေးပကဖတွေ နယ်မြေစိုးမိုးထားပြီး နေ့ရော ညပါဖြတ်သန်းသွားလာသူတွေကို လုံခြုံရေးတင်းကျပ်ထားတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

" ဒါက ကျောင်းသားသမဂ္ဂကဖြစ်တဲ့အတွက် ဟုန်းခနဲနာမည်ထွက်လာတာပေါ့။ သာမာန်ပြည်သူတွေ ဘယ်သူသတ်မှန်းမသိဘဲ ပျောက်ဆုံးသွားရတဲ့ပြည်သူတွေ အများကြီးရှိတယ်။ ဖြစ်နိုင်ရင် တာဝန်ယူထားတဲ့အဖွဲ့အစည်းတွေကိုယ်တိုင် မြေပြင်ဆင်းပြီး စုံစမ်းစစ်ဆေးဖို့ လိုအပ်နေပြီလို့ထင်ပါတယ်"လို့ ကိုအောင်ပြည့်စုံဖြိုးက ဆိုပါတယ်။

သတင်း - N၊ ချယ်ရီ၊ စာတည်း - ဟိန်းစံ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #စိုင်နိုင်ကြီး #ဗကသရဲဘော် #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10