ဝက်လက်မှာ တရက်တည်း ရွာ၂ ရွာ မီးရှို့ခံရလို့ အိမ်ခြေ ၁၃၀ ကျော်ပျက်စီး

ဝက်လက်မှာ တရက်တည်း ရွာ၂ ရွာ မီးရှို့ခံရလို့ အိမ်ခြေ ၁၃၀ ကျော်ပျက်စီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်သားတွေက ဇွန်လ၂၇ ရက်နေ့လယ် ၁ နာရီကျော်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် စုစုပေါင်း လူနေအိမ် ၁၃၁ လုံး ပြာကျပျက်စီးသွားခဲ့တယ်လို့ စဉ့်ကူး ပကဖရဲ့ မြေပြင်ကင်းထောက်အဖွဲ့ဆီက သိရပါတယ်။

အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ အိမ်ခြေ ၄၀၀ ခန့်ရှိငါးပတ်ချောင်းရွာက နေအိမ် ၁၂ဝ လုံးနဲ့ အိမ်ခြေ ၅၀ ခန့်ရှိ သရက်ပင်စုရွာက နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

"တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ စကစတွေက အကြောင်းမဲ့သက်သက်ကို ဝင်ရှို့သွားတာ။ ဒီ ၂ ရွာက ရွာချင်းဆက်တွေလေ"လို့ မြေပြင်ကင်းထောက်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီကျေးရွာ ၂ ရွာကိုမီးရှို့သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာဘက်ကနေ ဧရာဝတီမြစ်ကမ်းတလျောက် မော်တော်နှစ်စီးနဲ့ ဝက်လက်မြို့နယ်ထဲကို ရောက်ရှိလာကြတဲ့ စစ်ကြောင်းတခုဖြစ်ပြီး ဘယ်တပ်ရင်း၊တပ်မက ဖြစ်တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ 

စစ်ကောင်စီတပ်တွေဟာ သရက်ပင်ရွာကို အရင်မီးရှို့ခဲ့တာဖြစ်သလို ရွာမီးရှို့ပြီးနောက်ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့လည်း ထိတွေ့မှု ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

“သူတို့က သရက်ပင်ကို စမီးတင်ပြီးမှ ငါးပတ်ချောင်းကို မီးတင်တာ၊ စစ်ကြောင်းနဲ့ကနီးတော့ ကျွဲ၊ နွားတွေ မသယ်နိုင်ကြဘူး။ ကိုယ်နိုင်တဲ့ ရိက္ခာအနည်းငယ်လောက်သယ်ပြီးရှောင်ရတော့ တိရစ္ဆာန်တွေ မီးလောင်တဲ့ထဲ ပါသွားတယ်” လို့ ငါးပတ်ချောင်းရွာက အမျိုးသားတဦးက ပြောပါတယ်။

ဇွန်လ ၂၂ ရက်မှာလည်း အင်အား ၇၀ ၀န်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းခုဟာ အိမ်ခြေ ၁၀၀ ခန့်ရှိတဲ့ တကောင်းမင်းကျေးရွာရဲ့ရွာအဝင်မှာ ဆိတ်ကျောင်းနေတဲ့ အမျိုးသား ၂ ဦးကို ပစ်သတ်ခဲ့တဲ့အပြင် ရွာထဲဝင်ကာ လူနေအိမ် ၁၅ လုံး၊ ဆိုင်ကယ် ၉ စီး၊ ကား ၁ စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ 

လွတ်လပ်သောသုသေသနအဖွဲ့ Data For Myanmar ရဲ့စစ်တမ်းအရ အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် စစ်ကိုင်းတိုင်းတခုတည်းမှာတင် လူနေအိမ် ၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အခုနှစ် ဇွန်လ ၁၄ ရက်မှာထုတ်ပြန်ထားပါတယ်။

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#စစ်ကိုင်း #၀က်လက် #သရက်ပင်စု #ငါးပတ်ချောင်း #စစ်ကောင်စီ #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10