ဝက်လက်မှာ လေကြောင်းက တိုက်ခိုက်လို့ ရှောင်ပြေးတဲ့ အဘိုးအိုတဦး အမောဖောက် သေဆုံး

ဝက်လက်မှာ လေကြောင်းက တိုက်ခိုက်လို့ ရှောင်ပြေးတဲ့ အဘိုးအိုတဦး အမောဖောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာနဲ့ လှတောကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီတပ်က လေ​ယာဥ်တစီးနဲ့ ဗုံးကြဲတိုက်ခိုက်ချိန် ရှောင်ပြေးတဲ့ ၈၀ ကျော်အရွယ် အဘိုးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၂၇ ရက်ညနေ ၄ နာရီကျော် အချိန်ခန့်က တိုက်ခိုက်တာဖြစ်ပြီး သေဆုံးသူမှာ ကျီးကန်ကျေးရွာက ဦးညို ၈၅ နှစ်ဖြစ်ကာ လေကြောင်းတိုက်ခိုက်နေချိန် ကျေးရွာကနေ ထွက်ပြေးရာ အမောဖောက်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ People's Servant Revolution (Wetlet) မှ ရဲဘော်တဦးက ပြောပါတယ်။


"အဘိုးက ပြေးရင်းလွှားရင်း အမောဖောက်ပြီး သေသွားတာ။ မြေပြင်စစ်ကြောင်းတခုကလည်း ရွာအနီးနားကို ရောက်နေတော့ အဘိုးကို ချက်ချင်းမီးသင်္ဂြိုလ်လိုက်ရတယ်။ စကစက လေယာဥ်နဲ့ အဲရွာအနီးတဝိုက်ကို 81ရော့ကဒ်ဗုံးသီးတွေပဲ ပစ်တာ။ စက်လက်က သိပ်မပစ်ဘူး" လို့ ဆိုပါတယ်။

လှတောကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနေ့က နေ့လည်ပိုင်းအချိန်မှာ နာရီဝက်ကျော်ကြာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ရာကနေ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ)မှ Mi-35 ရဟတ်ယာဥ်တစီးနဲ့ အခုလိုလာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

"လေယာဥ်က လာပစ်တဲ့အချိန်မှာ ရဲဘော်တွေက တိုက်ခိုက်ပစ်ခတ်ပြီးလို့ စခန်းကို ရောက်နေတာကြာပြီ။ ဒါကြောင့် ရဲဘော်တဦးတယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ကြဘူး။ ဗုံးလာကြဲလို့ ရွာအနီးဝန်းကျင် ဒေသခံတွေကတော့ အကုန်လုံး ထွက်ပြေးခဲ့ကြရတယ်" လို့ ဆိုပါတယ်။

လက်ရှိမှာ ဝက်လက်မြို့နယ်ကို အင်အား ၆၀ ကျော်ပါတဲ့ စစ်ကြောင်းတခုက စစ်ကြောင်းထိုးနေတာကြောင့် လှတော၊ ရွာသာကြီး၊ ကျီးကန်၊ အောင်ချမ်းသာ၊ သခွတ္တော၊ ဘင်တဲကုန်း၊ အောင်တက်ကုန်း၊ သဖန်းကုန်းစတဲ့ ကျေးရွာတွေက ဒေသခံ ၁ သောင်းကျော်ဟာ ဧပြီလ ၂၃ ရက်ကနေ ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10