ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခံရမှု စစ်တပ်အမှားမဟုတ်ဆိုတဲ့သဘော ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခံရမှု စစ်တပ်အမှားမဟုတ်ဆိုတဲ့သဘော ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မန္တလေးတိုင်း၊ ငါးန်ဇွန်မြို့နယ် ၊ ကံမရွာထိပ် ဘုရားအနီးလမ်းပေါ်မှာ ဇွန် ၁၉ ရက် မနက် ၁၀ နာရီခွဲခန့်က အရပ်နံပါတ်လိုင်စင်တပ် Surf အမျိုးအစားယာဉ်တစီးကို စစ်ကောင်စီရဲ့လုံခြုံရေးကားက ရပ်တန့်ခိုင်းရာမှာ မရပ်ဘဲ ကျော်တက်မောင်းနှင်တာကြောင့် ပစ်ခတ်ခဲ့ရတာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ကံမရွာဘက်ကနေ မောင်းနှင်လာတဲ့ အရပ်နံပါတ်လိုင်စင်တပ် Surf အမျိုးအစားယာဉ်တစီးနဲ့ တွေ့ဆုံခဲ့ရာမှာ ယာဉ်ကိုရပ်တန့်ဖို့ လုံခြုံရေးကားပေါ်ကနေ အော်ဟစ်တားဆီးတာ၊ လက်ပြတားဆီးတာလုပ်ခဲ့ကြောင်း၊ သေနတ်ကို မိုးပေါ်ထောင်ပစ်ခတ်တားဆီးခဲ့သော်လည်း ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေ ပစ်ခတ်တားဆီးခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာဖြစ်ပါတယ်။ 

အဲဒီပြောဆိုချက်မှာ Surf ကားဟာ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး စီးနင်းလိုက်ပါလာတဲ့ကား ဟုတ်မဟုတ် ဖော်ပြထားခြင်းမရှိသလို စစ်ကောင်စီလုံခြုံရေးအဖွဲ့ရဲ့ ပစ်ခတ်မှု အမှားမဟုတ်ဘဲ ရပ်တန့်မပေးတဲ့ မော်တော်ယာဉ်ရဲ့ အမှားကြောင့်သာ ဖြစ်တယ်ဆိုတဲ့သဘော ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသွားတာဖြစ်ပါတယ်။ 

ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီးပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး အစပိုင်းမှာ စစ်ကောင်စီက ကျောင်းတိုက်ဆရာတော် လိုက်ပါလာတဲ့ကားကို PDF တွေက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ယာဉ်မောင်းရဲ့ပြောစကားကို ကိုးကားပြီး စစ်တပ်ပိုင် မီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါပေမယ့် ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီးပစ်ခတ်ခံရမှုမှာ အတူပါခဲ့တဲ့ ကံသုံးဆင့်ဆရာတော်က ဇွန်လ ၂၀ ရက် ညပိုင်းမှာ ၎င်းကြုံတွေ့ခဲ့ရပုံကို ပြန်လည်မိန့်ကြားရာမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က ၎င်းတို့လုံခြုံရေးအဖွဲ့တွေ ပစ်ခတ်ခဲ့တဲ့အကြောင်း ဝန်ခံလာတာ ဖြစ်ပါတယ်။ 

ကံသုံးဆင့်ဆရာတော်ရဲ့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှုအပြီး စစ်ကောင်စီဘက်က လေသံပြောင်းလာခဲ့ကာ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက အသေးစိတ်ဆက်လက်စုံစမ်းမယ်လို့လည်း ဆိုပါတယ်။

သက်တော် ၇၈ နှစ်၊ ဝါတော် ၅၈ ဝါရှိ  နိုင်ငံတော်သံဃာ့မဟာနာယက(မဟန)အဖွဲ့ဝင်ဟောင်း၊ ရွှေကျင်ဂိုဏ်းဗဟိုအလုပ်အမှုဆောင်၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းပဓာနနာယကဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ဇွန်လ ၁၉ ရက် မနက်ပိုင်းက မန္တလေးမြို့ရှိ ရွှေကျင်ဂိုဏ်းဌာနချုပ်ကျောင်းဖြစ်တဲ့ မဟာဝိသုဒ္ဓါ ရုံတိုက်သစ်(ရွှေကျင်နိကာယဗဟို)ကို အစည်းအဝေးတက်ရောက်ဖို့ ကြွသွားစဉ် ငါးဇွန်မြို့နယ်၊ ပန်းချီ ကံမကျေးရွာအနီးလမ်းပိုင်းမှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကို ခံခဲ့ရပြီး ဘဝနတ်ထံပျံလွန်တော်မူခဲ့တာပါ။

သတင်း-မြေလတ်အသံ

#မန္တလေးတိုင်း #ငါးန်ဇွန်မြို့ #ကံမရွာထိပ် #Surf  #ဗိုလ်ချုပ်ဇော်မင်းထွန်း #ဝင်းနိမ္မိတာရုံကျောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10