ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့ အန္တိမဈာပနနေ့မှာ စစ်တပ်က လုံခြုံရေးအထူးတင်းကျပ်

ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့ အန္တိမဈာပနနေ့မှာ စစ်တပ်က လုံခြုံရေးအထူးတင်းကျပ်

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ အန္တိမ ဈာပနနေ့မှာ စစ်ကောင်စီတပ်က အင်အား ၅၀၀ ကျော်လောက်နဲ့ လုံခြုံရေး အထူးတင်းကျပ်ထားတယ်လို့ ဈာပနပွဲရောက်ဒေသခံတွေဆီက သိရပါတယ်။

ဈာပနအခမ်းအနားကို ဇွန်လ ၂၇ ရက် ဒီနေ့လယ်ပိုင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး စစ်ကောင်စီ အဖွဲ့ဝင်တွေက ယူနီဖောင်းဝတ်၊ အရပ်ဝတ်တွေနဲ့ ကျောင်းတိုက်အတွင်းအပြင်၊ ရုပ်ကလာပ်သယ်ဆောင်မယ့်လမ်းတလျှောက်ကနေ သုဿန်ထိ အပါအဝင် နေရာအနှံ့မှာ စောင့်ကြပ်နေကြတာလို့ ဆိုပါတယ်။  

"ဒီနေ့အင်အားတော့ တော်တော်များတယ်။ အရပ်ဝတ်တွေ ပိုများတယ်။ စကစဘက်က အကြီးပိုင်းတွေလည်း လာနိုင်မယ့် အခြေအနေရှိလို့လားတော့ မသိဘူး။ ဆရာတော်ပျံလွန်တော်မူတာနဲ့ ပတ်သက်ပြီး ကံဆောင်သပိတ်ဘာညာဆိုပြီး သတင်းတွေလည်းတွေ့နေတာကြောင့် ထင်တယ်"လို့ ဈာပနပွဲရောက် ဒေသခံတဦးကပြောပါတယ်။

ဆရာတော်ဈာပနမှာ အရေးပေါ်ကိစ္စတစုံတရာဖြစ်ပေါ်လာပါက စစ်ကောင်စီဘက်က အချိန်မီ ထိန်းချုပ်နိုင်ဖို့အင်အားအများအပြား အသုံးပြုထားတာဖြစ်နိုင်တယ်လို့လည်း အထက်ပါဒေသခံက ဆိုပါတယ်။

ဒီနေ့နေ့လယ်မှာ ဆရာတော်ကြီးရဲ့ကြွင်းကျန်ရုပ်ကလာပ်တော်ကို ဆင်ဖြူကွင်းသုသာန်မှာ လောင်တိုက်သွင်း သင်္ဂြိုဟ်သွားမှာဖြစ်ပြီး အန္တိမအဂ္ဂိဈာပနအခမ်းအနားကို အစီအစဥ် ၅ ရပ်နဲ့ ပြုလုပ်သွားမှာလို့ဆိုပါတယ်။  

ဆရာတော်ဈာပနကို လာရောက်ပူဇော်ကြတဲ့ သံဃာတော်၊ သီလရှင်တွေအပါအဝင် လူပရိတ်သတ် အင်အားထောင်ချီလည်း ကျောင်းတိုက်အတွင်းနဲ့ အနီးဝန်းကျင်တွေမှာရောက်ရှိနေကြပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်မနက်ပိုင်းက ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းပဓာနနာယကဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကားဟာ မန္တလေးတိုင်း၊ ငါးန်ဇွန်မြို့နယ်၊ ကံမရွာအနီးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တာကိုခံခဲ့ရပြီး ဆရာတော်ပျံလွန်တော်မူခဲ့ရကာ မင်္ဂလာဒုံမြို့နယ်၊ ကံသုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနဲ့ ယာဉ်မောင်းတို့ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကလျာဏီ #ဝင်းနိမ္မီတာရုံ #အန္တိမဈာပန #စစ်ကောင်စီ #လုံခြုံရေးတင်းကျပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10