ဝင်းနိမ္မိတာရုံဆရာတော်ရဲ့အန္တိမဈာပနကို တပည့်သံဃာအများအပြား လာရောက်ဖူးမျှော်နေပြီး စစ်တပ်ကလုံခြုံရေးတိုးမြှင့်ထား (ရုပ်/သံ)

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီးရဲ့ အန္တိမဈာပနကို ဇွန် ၂၇ ရက်နေ့လယ်ပိုင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိမှာဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို သံဃာအများအပြားက လာရောက်ဖူးမျှော်နေကြကာ စစ်ကောင်စီဘက်ကလည်း ဘုန်းကြီးကျောင်းတဝိုက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့  ကျောင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဈာပနအခမ်းအနားကို ဒကာတွေ ဆရာတော်ကြီးထံလှူဒါန်းထားတဲ့ ပဲခူးမြို့ရှောင်လမ်းရှိ ခြံမြေကွက်လပ်မှာပြုလုပ်ဖို့ စီစဥ်ထားကြတယ်လို့ ဆိုပါတယ်။

"ဆရာတော်ရဲ့ ဈာပနကို အစည်ကားဆုံးဖြစ်အောင်ပြုလုပ်ဖို့ စီစဥ်နေကြတယ်။ မန္တလေးက ကရဝိတ်ဖောင်တော်တွေလည်း ငှားထားတာရှိတယ်။ ဆရာတော်က ရွှေကျင်ဂိုဏ်းကဆိုတော့ ပွဲလမ်းသဘင်တွေတော့ မပါလောက်ဘူး"လို့ ကျောင်းနဲ့နီးစပ်သူဒကာတဦးက ပြောပါတယ်။

လတ်တလောမှာတော့ ဆရာတော်စျာပနပြုလုပ်မယ့် မြေနေရာရှင်းလင်းတာ၊ အခမ်းအနားအတွက် အစီအစဥ်ရေးဆွဲတာနဲ့ ပြင်ဆင်ဖို့လုပ်နေကြတယ်လို့ သိရပါတယ်။

ဆရာတော်နေထိုင်တဲ့ကျောင်းတိုက်ဟာ စာသင်တိုက်ဖြစ်တာကြောင့် သံဃာအရေအတွက် ၂၀၀ ကျော်ရှိနေပြီး  ဆရာတော်ရဲ့ ပြည်တွင်းပြည်ပ တပည့်သံဃာတော်တွေ နေ့စဥ်လာရောက်နေတာကြောင့် ကျောင်းတိုက်အတွင်း နေ့စဥ် သံဃာအရေအတွက် ၅၀၀ နီးပါးခန့်ရှိနေတယ်လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် ဆရာတော်ရဲ့ရုပ်ကလာပ်တော် ကျောင်းတိုက်ပြန်ရောက်လာတဲ့ ဇွန် ၂၀ ရက် မနက်အစောပိုင်းကစပြီး စစ်ကောင်စီဘက်က စစ်သား၊ ရဲနဲ့ ယာဥ်ထိန်း စုစုပေါင်း အင်အား ၇၀ ခန့်ကလည်း နေ့စဥ်လုံခြုံရေးလာလုပ်ပေးနေတယ်လို့ သိရပါတယ်။

ကျောင်းအရှေ့ဝင်ပေါက်မှာ အင်အား ၂၀ ဦးဝန်းကျင်၊ အနောက်ပေါက်မှာ ၁၀ ဦးခန့်နဲ့ ကျောင်းဝန်းအတွင်းမှာ ၃၀ ဦးကျော်က ၂၄ နာရီလုံး စောင့်ကြပ်နေကြတာလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်က မြို့သာနဲ့ ပန်းချီကမ္မရွာကြားမှာ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၊ ယာဥ်မောင်းဖြစ်သူ ဦးကျော်ဝင်း၊ ကန်သုံးဆင့် ဆရာတော်ကြီး ဘဒ္ဒန္တဂုဏိကာဘိဝံသတို့ လိုက်ပါလာတဲ့ကားကို Faw ကားနဲ့လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက ကားပေါ်ကနေ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဆရာတော်တွေစီးလာတဲ့ကားကို ၈ ချက်ခန့်ထိမှန်ခဲ့ပါတယ်။

ပစ်ခတ်တဲ့ကျည်ထိမှန်တာကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသမှာ နေရာမှာတင် ကျည်ထိဒဏ်ရာတွေနဲ့ပျံလွန်တော်မူခဲ့ပြီး ယာဥ်မောင်းဖြစ်သူ ဦးကျော်ဝင်း၊ ကန်သုံးဆင့် ဆရာတော်ကြီး ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ကတော့ ဒဏ်ရာခဲ့တာဖြစ်ပါတယ်။ 

စာတည်း - လင်း ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #ဝင်းနိမ္မိတာရုံဆရာတော်ကြီး #ပျံလွန်တော်မူ #ဈာပန #စစ်ကောင်စီ #ပစ်ခတ်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10