ဝန်းသိုက ဘုန်းကြီးစာသင်ကျောင်းကို စစ်တပ်က ဟောင်ဝစ်ဆာနဲ့ ပစ်ခတ်လို့ ကလေး ၁၈ ဦးဒဏ်ရာရ

ဝန်းသိုက ဘုန်းကြီးစာသင်ကျောင်းကို စစ်တပ်က ဟောင်ဝစ်ဆာနဲ့ ပစ်ခတ်လို့ ကလေး ၁၈ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုင်းထောင်ကျေးရွာက ကလေးတွေကိုစာသင်ကြားပေးနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ (Howitzer) လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စာသင်ကြားနေတဲ့ ကလေး ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ၀န်းသိုမြို့ပေါ်မှာရှိတဲ့ ခမရ - ၁၀၂ တပ်ရင်းက ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာ (Howitzer) လက်နက်ကြီးကျည် အမျိုးအစား ၃ လုံးဟာ ဂျိုးထောင်ကျေးရွာရဲ့ ခန္တီဝံသာရာမကျောင်းတိုက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MOD က ထုတ်ပြန်ချက်မှာတော့ ကလေး ၁၈ ဦးအနက် ၆ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဖော်ပြထားပါတယ်။

"ဂျိုးထောင်ရွာနားမှာ PDF စခန်းချထားတယ်ဆိုပြီး သတင်းရလို့ PDF တွေကိုပစ်တာတဲ့။ အဲ့မှာရွာထဲက ဘုန်းကြီးကျောင်းကို ကျသွားတာလို့ သိရတယ်။ လက်နက်ကြီးကျတဲ့အချိန်မှာ ကလေးတွေက စာသင်နေကြတာ" လို့ ဝန်းသိုမြို့ဒေသခံအမျိုးသားတဦးက ပြောပါတယ်။‬

ကလေးငယ်တွေ ပညာသင်ယူနေတဲ့ ဘုန်းတော်ကြီးကျောင်းကို အရပ်ဘက်၊ စစ်ဘက်ခွဲခြားမှုမရှိဘဲ ကျိုးကြောင်းမဲ့စွာ ယခုကဲ့သို့ပစ်ခတ်မှုကြောင့် ပညာသင်ယူနေတဲ့ ကလေးငယ် ၁၈ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၆ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ MOD ကထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အလားတူ ဒီနေ့မှာ စစ်ကောင်စီက ဝန်သိုမြို့ပေါ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပါတီဝင် ၃ ဦးအပါအဝင် ဒေသခံ ၁၆ ဦးကို ဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဖမ်းဆီးခံရသူ ၁၆ ဦးထဲကမှ NLD ပါတီဝင် ၃ ဦးဟာ ဦးသောင်းဖေ၊ ဦးကျော်ကျော်၊ ဦးစိန်တို့ဖြစ်ကြပြီး သူတို့ကို PDF နဲ့ ဆက်သွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်မှာ ဝန်းသိုမြို့နယ်၊ ကျွဲခြံကူးကျေးရွာတောင်ဘက်မှာရှိတဲ့ ဝန်းသိုပကဖ မိုင်းစခန်းကို စစ်ကောင်စီတပ်ကဝင်စီးကာ စခန်းကိုမီးရှို့ခဲ့ပြီးနောက် PDF ရဲဘော် ၃ ဦးကိုလည်း သတ်သွားခဲ့ပါသေးတယ်။ 

ဒါ့အပြင် စက်တင်ဘာ ၁၀ ရက်မှာလည်း ဝန်းသိုမြို့နယ်၊ တောင်ဘို့လှကျေးရွာအနီးမှာ မပေါက်ကွဲဘဲကျန်နေတဲ့ ၆၀ မမဗုံးသီးတလုံးကို ကလေးတွေက တွေ့ရှိပြီး ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေး ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝန်းသိုမြို့နယ် #ဂျိုင်းထောင်ကျေးရွာက #ဘုန်းကြီးတော်ကြီးကျောင်း #စစ်ကောင်စီ #ဟောင်ဝစ်ဇာ #သတင်း 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10