ဝမ်ပေါင်ကုမ္ပဏီကားတွေကို လုံခြုံရေးပေးတဲ့ စစ်ကြောင်းကြောင့် ဒေသခံ ၃,၀၀၀ ကျော် တိမ်းရှောင်ပေးရ

ဝမ်ပေါင်ကုမ္ပဏီကားတွေကို လုံခြုံရေးပေးတဲ့ စစ်ကြောင်းကြောင့် ဒေသခံ ၃,၀၀၀ ကျော် တိမ်းရှောင်ပေးရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တရုတ်ပိုင်ဝမ်ပေါင် ကုမ္ပဏီ အတွင်းဝင်လာတဲ့ ကုမ္ပဏီယာဉ်တွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းက အနီးဝန်းကျင်က ကျေးရွာတွေကို ဝင်ရောက်နေတာကြောင့် ဒေသခံ ၃,၀၀၀ ကျော် ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဝမ်ပေါင်ကုမ္ပဏီဝန်းအတွင်းကို ရိက္ခာတင်မော်တော်ယာဉ်၊ အက်ဆစ်ဘောက်ဆာ၊ ကွန်တိန်နာကားတွေ ဝင်ရောက်လာတဲ့အတွက် ဇန်နဝါရီ ၂၂ ရက် မနက် ၉ နာရီအချိန်မှစတင်ကာ မုံရွာနမခ မှ စစ်သည်အင်အား ၄၀ ခန့်နဲ့ ချင်းတွင်းတံတားကိုဖြတ်ကာ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျမြို့သစ်သို့ သံပြားကာ ကားနဲ့လာရောက်ပြီး ယင်းမာပင်ခရိုင် ရဲတပ်ရင်း ၂၈ အထိ ကင်းယူပေးသလို ဝမ်ပေါင်ကုမ္မဏီအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ဂုဏ်တောကျေးရွာအထိ ကင်းယူပေးနေကြတယ်လို့ ဆိုပါတယ်။

ဝမ်ပေါင်ကုမ္ပဏီကားတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကြောင်းကြောင့် ဆားလင်းကြီးမြို့နယ်၊ ဒုန်းတော၊ ဂုဏ်တောရွာက ပြည်သူ ၃,၀၀၀ ခန့် ထွက်ပြေးနေကြရပြီး ယင်းမာပင်မြို့နယ်၊ မြောက်ယမားတံတား မြောက်ဘက်ကျေးရွာတွေက ပြည်သူတချို့လည်း ရှောင်တိမ်းနေကြရပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီဝန်းအတွင်းကို မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ မော်တော်ယာဉ်တွေ ဝင်သွားတာဖြစ်ပြီး စုစုပေါင်းကားအစီရေ ၆၃ စီးအထိရှိတယ်လို့ သိရပါတယ်။ 

" ကားတွေပြန်ထွက်ရင် ကြေးပြားတွေတင်ပြီး ပြန်ထွက်တဲ့အထိ စောင့်ကြည့်ရမယ့်အနေထားရှိတယ်။" လို့ ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖအဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။

ဝမ်ပေါင်ကုမ္မဏီအတွက် ရိက္ခာကား၊ အက်ဆစ်ကားတွေနဲ့ ကွန်တိန်နာကားတွေအပြင် လူစီးမှန်လုံခရီးသည်တင် မော်တော်ယာဉ်တွေကိုလည်းတွေ့ရတဲ့အတွက် တရုတ်နှစ်သစ်ကူးနီးလို့ နေရပ်ပြန်မယ့် တရုတ်တွေကိုပါ တပါတည်း ကြိုမယ့်အခြေနေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တရုတ်ပိုင် ဝမ်ပေါင်ကုမ္မဏီဟာ လစဉ် ၁ ကြိမ် သို့မဟုတ် ၂ ကြိမ် ပစ္စည်းနဲ့ရိက္ခာပို့ဆောင်လေ့ရှိပြီး ပြန်ထွက် တဲ့အခါ ကြေးပြားတွေသယ်လေ့ရှိကာ သယ်ယူတိုင်း စစ်ကောင်စီစစ်ကြောင်းက ကင်းယူပေးလေ့ရှိတဲ့အတွက် ပုသိမ်-မုံရွာလမ်းဘေးရှိ ကျေးရွာနေပြည်သူတွေ ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုံစာ - ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာကနေ ရှောင်ပြေးနေရတဲ့ ဒေသခံတွေ။

သတင်း - သိုက်ထွန်း၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီး #လက်ပံတောင်းတောင် #ကြေးနီစီမံကိန်း #တရုတ် #ဝမ်ပေါင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10