ဝမ်ပေါင်ကုမ္ပဏီ ပြန်လည်ပတ်ရန်ကြိုးပမ်း ဝက်မှေးရွာနဲ့ အနီးနားကျေးရွာတွေကို အင်အားသုံးပြီး ခြံစည်းရိုးခတ်နေ

ဝမ်ပေါင်ကုမ္ပဏီ ပြန်လည်ပတ်ရန်ကြိုးပမ်း ဝက်မှေးရွာနဲ့ အနီးနားကျေးရွာတွေကို အင်အားသုံးပြီး ခြံစည်းရိုးခတ်နေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ပိုင်ဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်တပ်ပူးပေါင်းပြီး ကြေးနီထုတ်ဖို့နဲ့ စစ်တပ်ရဲ့ရိက္ခာပို့ဖို့အတွက် ညောင်ပင်ကြီးဆိပ်ကမ်းကနေ ဝမ်ပေါင်ကုမ္ပဏီကို လမ်းအသစ်ဖောက်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၄ ရက်က အဲ့ဒီလမ်းအသစ်ကို စစ်တပ်က အင်အားအများအပြားသုံးပြီး လမ်းဖောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"အဓိကကတော့ စစ်တပ်ရဲ့ရိက္ခာလမ်းကြောင်းကိုဖောက်တာ ထင်တယ်။ အခုဖောက်လိုက်တဲ့လမ်းက ညောင်ပင်ကြီးဆိပ်ကမ်းကနေ ကုမ္ပဏီကိုတည့်တည့်သွားလို့ ရသွားပြီ။ ကြေးနီတွေသယ်ဖို့ဆိုတာကတော့ လုပ်လိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းထားတာပေါ့။ ဒီကုမ္ပဏီနားက မီးတိုင်ကို ကာကွယ်ရေးတပ်တွေ ဖျက်ဆီးထားတာတောင် ပြန်ပြင်မယ်လို့ကြားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ယခင်ကစစ်တပ်ရဲ့ထောက်ပို့လမ်းကြောင်းဟာ မုံရွာမြို့ကနေလာပါက ညောင်ပင်ကြီးဆိပ်ကမ်းကနေတဆင့် အောင်ချမ်းသာကျေးရွာဘက်ကနေ ဝမ်ပေါင်ကုမ္ပဏီကိုတဆင့်ဝင်ရပြီး ယခုလမ်းကြောင်းအသစ်ဟာ ညောင်ပင်ကြီးဆိပ်ကမ်းမှ ဝက်မှေးရွာထိပ်ကနေ ဝမ်ပေါင်ကုမ္ပဏီထဲကို တိုက်ရိုက်ဝင်နိုင်ပြီး စစ်အုပ်စုအတွက် လုံခြုံရေးနဲ့ အချိန်ကုန်ပါ ပိုသက်သာစေနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်မှာ ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တက်လာတဲ့စစ်​သင်္ဘောနဲ့ ဒေသခံကာကွယ်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားနေချိန်မှာ ဒီလမ်းတလျှောက်က ဒေသခံကျေးရွာတွေကို ခြံစည်းရိုးတွေ ခတ်လိုက်တယ်လို့ သိရပါတယ်။

ခြံစည်းရိုးခတ်ထားတဲ့ ကျေးရွာတွေကတော့ ဝက်မှေး၊ ကန်တော၊ မိုးကြိုးပြင်၊ ဆည်တဲ၊ ဇီးတောစတဲ့ ကျေးရွာအဟောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ခြံစည်းရိုးခတ်ပြီး ရွာထဲမှာရှိနေတဲ့ ဒေသခံတွေကို အပြီးထွက်နိုင်ကြောင်းနဲ့ မထွက်ပါက ညနေ ၅ နာရီနောက်ပိုင်းမည်သည့်ကိစ္စနဲ့မှ အပြင်ထွက်ခွင့်မရှိဘူးဆိုပြီး အမိန့်ပေးထားတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

"ဒီရွာတွေက အရင်ကမြေသိမ်းချင်လို့ ရွာအသစ်ပြောင်းခိုင်းထားတဲ့ ရွာတွေပါ။ အခုလည်းမြေတွေပြန်သိမ်းမယ့် သဘောရှိတယ်။ ရွာဟောင်းတွေကို ခြံစည်းရိုးအကုန်လိုက်ခတ်နေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ယနေ့မနက် ဩဂုတ် ၇ ရက်အထိ ဘက်ဟိုးကားတွေအပါအဝင် စစ်အင်အားအများအပြားနဲ့ ခြံစည်းရိုးတွေထပ်ခတ်ဖို့ စစ်တပ်က ပြုလုပ်နေပြီး အနီးနားကိုလည်း ဒေသခံတွေ ဖြတ်သန်းခွင့်မပေးဘူးလို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက ရပ်နားထားတယ်ဆိုပေမယ့် ကုမ္ပဏီပြန်လည်ပတ်ဖို့ စစ်အုပ်စုက ပြန်ကြိုးစားနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

ပုံစာ - ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး လုံခြုံရေးယူပေးနေသော စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များ (ပုံဟောင်း)။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ဆားလင်းကြီး #ဝမ်ပေါင် #စစ်ကောင်စီ #ကြေးနီစီမံကိန်း #ဒေသခံ #ဝက်မှေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10