ဝမ်ပေါင်ကြေးနီစက်ရုံကို ရိက္ခာသယ်၊ လုံခြုံရေးယူပေးတဲ့စစ်ကြောင်း တိုက်ခံရပြီး ၈ ဦးသေ

ဝမ်ပေါင်ကြေးနီစက်ရုံကို ရိက္ခာသယ်၊ လုံခြုံရေးယူပေးတဲ့စစ်ကြောင်း တိုက်ခံရပြီး ၈ ဦးသေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင်ဒေသ မြန်မာဝမ်ပေါင်ကုမ္ပဏီအတွက် ရိက္ခာသယ်ရန် လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာဝမ်ပေါင်ကုမ္ပဏီကနေ ညောင်ပင်ကြီး၊ ထန်းတော ဇက်ဆိပ်ကိုသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၃ ရက် မနက် ၆ နာရီခွဲဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

"အလစ်ဝင်တိုက်တာဆိုတော့ ပွဲကသိပ်မကြာဘူး။ စစ်အုပ်စုဘက်က ၈ ယောက်တော့ အတည်ပြုနိုင်တယ်။ လက်နက်တော့ မကောက်နိုင်ခဲ့ဘူး။ မုံရွာဘက်ကမ်းက လက်နက်ကြီးပစ်ကူလို့ နောက်ဆုတ်ခဲ့ရတယ်။" လို့ တိုက်ပွဲနဲ့နီးစပ်တဲ့ ရပ်ကျေးပအဖအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲဖြစ်ပွားချိန်ဟာ မိနစ် ၃၀ ခန့်သာ ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဆားလင်းကြီးမြို့နယ် ပကဖ လက်အောက်ခံတပ်ဖွဲ့တွေ စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မုံရွာမြို့ အိုးရှင်းရှော့ပင်စင်တာအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးပစ်ကူနေတာကြောင့် လက်နက်ခဲယမ်း မကောက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ 

ထန်းတောဇက်ဆိပ်နဲ့ အိုးရှင်းဈေးဝယ်စင်တာဟာ ချင်းတွင်းမြစ်ပဲခြားတာဖြစ်ပြီး ၁ မိုင်ကျော် အကွာအဝေးရှိတယ်လို့ သိရပါတယ်။ 

ဒီနေ့ တိုက်ခိုက်မှုကြောင့် ဆားလင်းကြီးမြို့နယ်၊ ပလောင်၊ အိုမ၊ ကူးတို့ကုန်း၊ ဝက်မှေး၊ ကံတော၊ ရွှေလှေ လက်ပံတောင်းစတဲ့ ကျေးရွာက ဒေသခံပြည်သူ ၆,၀၀၀ ခန့် စစ်ဘေးရှာင်နေကြရပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ အိုမကျေးရွာကို မီးစတင်ရှို့နေပြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုံစာ - ဒီဇင်ဘာ ၁၃ ရက်တွင် စစ်ကောင်စီတပ်သားများနှင့် PDF တို့ တိုက်ပွဲကြောင့် စစ်ရှောင်နေရသော ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများ။ (ဓာတ်ပုံ - ရပ်ကျေးပကဖ အဖွဲ့ဝင်တဦး။)

သတင်း - သိုက်ထွန်း၊ စာတည်း - JCG

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီး #လက်ပံတောင်း #မြန်မာဝမ်ပေါင် #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10