ဝမ်ပေါင်စက်ရုံအနီး စစ်ကြောင်းထိုးနေလို့ ကြက်သွန်စိုက်တောင်သူတွေ ထွက်ပြေးနေရ

ဝမ်ပေါင်စက်ရုံအနီး စစ်ကြောင်းထိုးနေလို့ ကြက်သွန်စိုက်တောင်သူတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်စီမံကိန်း ဝမ်ပေါင်ကုမ္ပဏီအတွက် အက်ဆစ်တင်ဆောင်လာတဲ့ကားတွေကို လုံခြုံရေးယူပေးတဲ့ စစ်ကြောင်းကြောင့် ယင်းမာပင် အရှေ့ခြမ်းနဲ့ ဆားလင်းကြီး မြောက်ခြမ်းက ပြည်သူတွေ ထွက်ပြေးနေရတာမှာ စိုက်ပျိုးတောင်သူတွေ စိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြေးနီစက်ရုံပစ္စည်းတွေ တင်ဆောင်လာတဲ့ကား ၆၉ စီးဟာ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီအချိန်ကတည်းက ဝမ်ပေါင်ကုမ္ပဏီအတွင်းဝင်ရောက်သွားပြီး အခုအချိန်ထိ ပြန်မထွက်လာသေးဘူးလို့ သိရပါတယ်။ 

အဲဒီကားတွေကို လုံခြုံရေးယူပေးဖို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)မှ စစ်သားတွေ၊ ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်းမှ ရဲတပ်ဖွဲ့တွေ၊ မြန်မာ-ဝမ်ပေါင်ဝင်းအတွင်းမှာ စစ်ကောင်စီတပ်သားတွေက ပုသိမ်-မုံရွာ လမ်းပိုင်း လက်ပံတောင်းတောင်အထိ ကင်းယူပေးပြီး သေနတ်တွေပစ်ဖောက်တာတွေလုပ်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ သိရပါယ်။ 

အဲဒီလို စစ်ကြောင်းထိုး ပစ်ခတ်မှုတွေလုပ်နေတာကြောင့် ကျေးရွာအနီးက လယ်ယာမြေတွေမှာ ကြက်သွန် စိုက်ပျိုးနေတဲ့တောင်သူတွေအနေနဲ့ လယ်ယာလုပ်ငန်းကို မလုပ်နိုင်ဘဲ စစ်ရှောင်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“လက်ရှိအချိန်က ကြက်သွန်စိုက်ပျိုးချိန်ဆိုတော့ လမ်းနဲ့ နီးတဲ့စိုက်ခင်းတွေကို စိုက်သမတွေသွား မစိုက်ရဲဘူး။ စိုက်ခင်းတွေက ရက်သတ်မှတ်ထားတယ်လေ၊ ခေါ်ထားတဲ့ စိုက်သမတွေ မစိုက်ရဲတော့ စိုက်ရက်တွေလွဲ စိုက်မရပျိုးမရတဲ့ အခြေနေတွေ တွေ့ကြုံနေရတယ်" လို့ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းက စစ်ဘေးရှောင် တောင်သူတဦးက မြေလတ်အသံကိုပြောပါတယ်။

လက်ရှိမှာ ကြေးနီသည်မော်တော်ယာဉ်တွေ စက်ရုံးအတွင်းရှိနေပြီး လုံခြုံရေးယူပေးနေတဲ့ စစ်ကြောင်းတွေလည်းရှိနေသေးတာကြောင့် ဒေသခံတွေနေရပ်မပြန်နိုင်သလို တောင်သူတွေလည် လယ်ယာလုပ်ငန်း မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ 

စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ဆားလင်းကြီးမြို့နယ်၊ ပလောင်၊ အိုမ၊ ကူးတို့ကုန်း၊ ဝက်မှေး၊ ကံတော၊ ရွှေလှေ၊ လက်ပံတောင်းစတဲ့ ကျေးရွာက ဒေသခံပြည်သူ ၆,၀၀၀ ခန့် စစ်ဘေးရှာင်နေကြရပါတယ်။

ဒါ့ပြင် အိမ်ခြေ ၅၀ ခန့်ရှိတဲ့ အိုမရွာက နေအိမ် ၂၀ ကျော်ကို စစ်ကောင်စီက  မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ 

စက်ရုံပစ္စည်းတွေသယ်ယူကာ ကုမ္ပဏီဝင်းအတွင်း ဝင်ရောက်သွားတဲ့ စစ်ကားတွေဟာ စက်ရုံအတွင်းမှ ထွက်လာတဲ့အခါ ကြေးနီတွေကို ပြန်လည်သယ်ဆောင်သွားလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်တွေက ဒီဇင်ဘာ ၁၃ ရက်မှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ပါသေးတယ်။

သတင်း - သိုက်ထွန်း၊ စာတည်း - JCG 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #လက်ပံတောင်း #ဝမ်ပေါင်ကုမ္ပဏီ #စိုက်ပျိုးရေး #ကြက်သွန် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10