ဝမ်းတွင်းက ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ ၄၀ မမနဲ့ပစ်ခံရ

ဝမ်းတွင်းက ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ ၄၀ မမနဲ့ပစ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ပေါ်က ရဲစခန်းနဲ့ထွေအုပ်ရုံး ၄၀ မမနဲ့ တိုက်ခိုက်ခံရတယ်လို့ Wundwin Township Revolution Force အဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၃ ရက် ညနေ ၄ နာရီခန့်မှာ ဝမ်းတွင်းရဲစခန်းကို ၄၀ မမ ၃ လုံး၊ ထွေအုပ်ရုံးကို ၄၀ မမ ၁ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"လက်နက်ကြီး ၄ လုံးပစ်တာ ထွေအုပ်ဘက် ၁ လုံး၊ ရဲစခန်းဘက် ၃ လုံး ကျ​ရောက်ပေါက်ကွဲတာရှိတယ်။ စခ/ရခ သေပျောက်စာရင်းတော့ မသိရသေးဘူး။"လို့ Wundwin Township Revolution Force အဖွဲ့ တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေဘက်က ပစ်ခတ်တဲ့ လက်နက်ကျည်တွေက ဝမ်းတွင်းရဲစခန်းအတွင်း အိမ်ထောင်သည်လိုင်းခန်းပေါ် ၁ လုံး၊ မီးသတ်ဆေးဘူးများထားရှိနေရာ ၁ လုံး၊ လေ့ကျင့်ရေးကွင်းအတွင်း ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထွေအုပ်ရုံးဘက် ၁ လုံးကျရာမှာတော့ နေရာမသိရဘူးလို့ ရဲစခန်းနဲ့နီးစပ်သူဒေသခံတွေဆီက သိရပါတယ်။

"ထိခိုက်သေဆုံးကတော့ သူတို့ကအမြဲ လျှို့ဝှက်ထားတာ။ သင်္ဂြိုဟ်ပြီဆိုမှ ပေါ်တာ။ ရဲစခန်းထဲ ၃ လုံးကျတာ  ဆူညံသွားတာပဲ။ သေတာတွေတော့ မသိရဘူး။ ရဲစခန်းထဲကိုတော့ လူနာတင်ယာဥ် အဝင်အထွက်ရှိတယ်"လို့ ဒေသခံအမျိုးသမီး ၁ ဦးက ပြောပါတယ်။

ရဲစခန်းထဲဝင်သွားတဲ့ လူနာတင်ယာဥ်တွေကတော့ မိတ္တီလာဆေးရုံထိ လူနာတွေကိုသယ်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်ခံရမှုအတွင်း ရဲနဲ့ထွေအုပ်အဖွဲ့တွေရဲ့ထိခိုက်သေဆုံးအရေအတွက်ကိုတော့ မြေလတ်အသံအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာတော့ ဝမ်းတွင်းမြို့ပေါ်မှာ စစ်ကောင်စီအဖွဲ့တွေဘက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၅ ရက်ကလည်း ဝမ်းတွင်းမြို့နယ်၊ နတ်နန်းကျေးရွာနဲ့ ထနောင်းကုန်းကျေးရွာအကြားမှာ စစ်ကောင်စီနဲ့ ရဲအဖွဲ့တွေလိုက်ပါလာတဲ့ကား မိုင်းဆွဲခံရပြီး ရဲ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #ဝမ်းတွင်း #ထွေအုပ် #ရဲစခန်း #၄၀မမ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10