ဝမ်းတွင်းမြို့နယ်မှာ ရေစီးနဲ့မျောပါသွားတဲ့ နွားတွေကို ပိုင်ရှင်တွေက ပိုက်ဆံပေးပြီးပြန်ရွေးခဲ့ရ (ရုပ်/သံ)

ဆည်ကျိုးပြီး ရေကြီးရေလျှံဖြစ်ခဲ့တဲ့ ဝမ်းတွင်းမြို့နယ်ထဲကဒေသခံတွေဟာ ရေစီးနဲ့မျောပါသွားတဲ့ ကိုယ်ပိုင်နွားတွေကို ပိုက်ဆံပေးပြီးပြန်ရွေးခဲ့ကြရပါတယ်။

ရေစီးနဲ့မျောလာတဲ့ ကျွဲ၊ နွား အစရှိတဲ့ တိရိစ္ဆာန်တွေကို ဆယ်ယူထားသူတွေက မူလပိုင်ရှင်တွေကို အလကားပြန်ပေးတာမရှိသလောက်နည်းပါးပြီး အနည်းဆုံး ကျပ် ၅ သောင်းကနေ အများဆုံး ၆ သိန်းအထိပေးပြီး ပြန်ရွေးကြရတယ်လို့ ဆိုပါတယ်။

အခုလအစပိုင်းမှာ မုန်တိုင်းအရှိန်ကြောင့် မိုးများပြီး မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်အများစု ရေကြီးရေလျှံဖြစ်ခဲ့တဲ့အထဲမှာ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ထဲက စမုံဆည်လည်း ကျိုးခဲ့ပါတယ်။

ရေကြီးရေလျှံမှုကြောင့် တပိုင်တနိုင်သာသယ်ယူနိုင်ကြသလို အသက်လွတ်အောင်ပြေးခဲ့ကြရတဲ့ အခြေအနေဖြစ်ခဲ့ပြီး ရေပြန်ကျချိန်မှာ အခုလိုငွေနဲ့ပေးပြီး ပြန်ရွေးခိုင်းတာတွေ မလုပ်သင့်ဘူးလို့ ဒေသခံတွေကပြောပါတယ်။

ကျွဲ နွား တိရိစ္ဆာန်တွေဖြစ်ပေမယ့် မွေးကင်းစအရွယ်ကတည်းက တယုတယမွေးလာရသလို လက်ပွန်းတတီး နေထိုင်လာခဲ့ရတာကြောင့်  အသက်ရှင်နေတာကိုပဲ ဝမ်းသာနေကြရပြီး တောင်းသလောက်ငွေကြေးပေးကာ မဖြစ်မနေပြန်ရွေးကြရပါတယ်။

ရေကြီးချိန်မှာ တောင်သူအများစုက မိမိပိုင်ဆိုင်တဲ့ နွားအပါအဝင် ကျွဲ၊ ဝက်၊ ဆိတ်၊ ကြက်နဲ့ ဘဲတွေကို လွှတ်ပေးခဲ့လိုက်တာကြောင့် ရေစီးနဲ့မျောပါကုန်ပြီး အသက်ရှင်လျက်ပြန်တွေ့ရတာရှိသလို သေဆုံးသွားတာတွေလည်းရှိပါတယ်။

ဝမ်းတွင်းဒေသမှာ ခိုင်းနွား တကောင်ကို ကာလပေါက်စျေးအရ ကျပ် ၁၆ သိန်းခန့်ပေါက်နေပြီး နွားမတကောင်ကတော့ ကျပ် ၁၀ သိန်းလောက် တန်ကြေးရှိနေပါတယ်။

ဝမ်းတွင်းမြို့နယ်ရေကြီးမှုမှာ အဲ့ဒီမြို့နယ်ထဲက ကျေးရွာတွေအားလုံးရဲ့ ကျွဲ နွား အစရှိတဲ့ တိရိစ္ဆာန် အကောင်ရေ​ ရာနဲ့ချီမျောပါဆုံးရှုံးခဲ့ပြီး  အသက်ရှင်လျက်ပြန်တွေ့တာတွေရှိသလို ချောင်း၊​ မြောင်းတွေနဲ့ လမ်းတွေပေါ်မှာ သေဆုံးနေတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ကျွဲ နွားသေဆုံးမှုနဲ့ ပတ်သက်ပြီး ကျေးရွာတွေမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက စာရင်းကောက်သွားပေမယ့် သေဆုံး၊ ပျောက်ဆုံးစာရင်းတွေ အတိအကျမရှိနေဘူးလို့ တောင်သူတွေက ပြောပါတယ်။

ရေဘေးဒဏ်ကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးတာ၊ ကျွဲ နွားစတဲ့ အိမ်မွေးတိရိစ္ဆာန်တွေ သေကြေ ပျောက်ဆုံးတာတွေအပြင် မျိုးစေ့၊ ဝမ်းစာအတွက်သိုလှောင်ထားတဲ့ စပါး၊ နှမ်း၊ ပဲ၊ ကြက်သွန်စတဲ့ သီးနှံအားလုံးပျက်စီးတာ၊ လယ်ယာသုံးစက်ကိရိယာတွေကအစ ပျက်စီးကြလို့ ဆုံးရှုံးမှုများခဲ့ကြရပါတယ်။

စက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှာ စမုံဆည်ကျိုးကျလို့ ၁၂ ရက် မနက်ပိုင်းမှာ ရေအမြင့် ၁၀ ပေကျော်အထိမြင့်တက်ခဲ့တာကြောင့် စမုံဆည်အောက်ဘက်က ကျေရွားပေါင်း ၂၀ ကျော်က လူဦးရေ သောင်းနဲ့ချီ ရေဘေးသင့်ခဲ့ရတာပါ။

စက်တင်ဘာ ၁၄ ရက်မှာ ရေပြန်ကျသွားပြီးနောက် ကျေးရွာတွေမှာတင်ကျန်နေတဲ့ နုန်းတွေနဲ့ အပျက်အစီးတွေကို လက်ရှိအချိန်အထိ ကိုယ်ထူကိုယ်ထ ရှင်းလင်းရေးလုပ်နေကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ဝမ်းတွင်း #စမုံဆည် #ရေကြီး #ကျွဲနွား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10