ဝမ်းတွင်းမှာ ယက္ကန်းရုံအလုပ်သမားက တူနဲ့ထုသတ်လို့ ပိုင်ရှင်အမျိုးသမီးအပါ ၄ လောင်းပြိုင်သေဆုံး

ဝမ်းတွင်းမှာ ယက္ကန်းရုံအလုပ်သမားက တူနဲ့ထုသတ်လို့ ပိုင်ရှင်အမျိုးသမီးအပါ ၄ လောင်းပြိုင်သေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့၊ အမှတ် ၃ ဗဟိုရပ်ကွက်က ယက္ကန်းရုံမှာ ပိုင်ရှင်အပါအဝင် အမျိုးသမီး ၄ ဦးကို အလုပ်သမားဖြစ်သူက တူနဲ့ထုသတ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ငွေကြေးကိစ္စစကားများရာမှ အသက် ၃၀ ကျော်အရွယ် အလုပ်သမားဖြစ်သူက ဇန်နဝါရီ ၁၁ ရက် မနေ့ မနက် ၂ နာရီကျော်က ယက္ကန်းရုံအတွင်းမှာပဲ ပိုင်ရှင်အမျိုးသမီးအပါ ၄ ဦးကို ဝင်ရောက်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

"သတ်သွားတဲ့သူက ပိုင်ရှင်ဆီမှာ ဆိုင်ကယ်ဝယ်ဖို့ ငွေချေးထားတယ်တဲ့။ အဲဒါ လကုန်လုပ်ခရှင်းတော့ ချေးထားတဲ့ငွေထဲက အချို့တဝက်ကို ဖြတ်တယ်ပြောတယ်။ အဲဒါနဲ့ပတ်သက်ပြီး စကားများကြတာကို မကျေနပ်လို့ လာပြန်လုပ်သွားတာ"လို့ ဝမ်းတွင်းနယ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အလုပ်သမားအမျိုးသားက တူနဲ့ထုသတ်ခဲ့တာကြောင့် ပိုင်ရှင်ဖြစ်သူ ဒေါ်မြသွေး ၆၈ နှစ်၊ မိသားစုဝင်တွေဖြစ်တဲ့ ဒေါ်ကြည် ၇၈ နှစ်၊ ဒေါ်စန္ဒာ ၅၃ နှစ်နဲ့ အလုပ်သမဖြစ်သူ မဇင်ဇင်အေး ၃၈ နှစ်တို့ ၄ ဦး မှာ ဦးခေါင်းနဲ့ကိုယ်ခန္ဓာမှာ ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီး ၄ ဦးကို တူနဲ့ထုသတ်ပြီးနောက် အဆိုပါအမျိုးသားကဘဲ ဝမ်းတွင်းရဲစခန်းကိုသွားပြီး ယက္ကန်းရုံမှာ ဓားမြတိုက်လူသတ်မှုဖြစ်တယ်လို့ သွားရောက်တိုင်တန်းရာ ရဲတပ်ဖွဲ့ကစစ်ဆေးရာမှ သူကိုယ်တိုင်သတ်တာကို ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးတွေရဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ဝမ်းတွင်းမြို့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီးနောက် ညနေပိုင်းမှာ အလောင်းတွေကို နေအိမ်ပြန်သယ်ခဲ့ပြီး ယနေ့ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းမှာတော့ သေဆုံးသူအမျိုးသမီး ၄ ဦးရဲ့ နာရေးမြေချတဲ့ ကိစ္စကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #ဝမ်းတွင်း #၄လောင်းပြိုင် #လူသတ်မှု #ယက္ကန်းရုံ #အလုပ်သမား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10