ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ အကျဉ်းသား ၆၀ ကျော်ရှိနေပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိ

ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ အကျဉ်းသား ၆၀ ကျော်ရှိနေပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိ

မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၄၀ ဦး၊ အကျဉ်းသူ ၂၅ ဦးခန့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြပြီး ထောင်အာဏာပိုင်တွေက လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမပေးဘူးလို့ သိရပါတယ်။

ဇန်နဝါရီလ ဒုတိယပတ်က စတင်ပြီး လက်ရှိအချိန်ထိ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေသေးတယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMရဲ့ ဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ထောင်အာဏာပိုင်တွေက ဝမ်းရောဂါခံစားနေရသူတွေကို ဝမ်းပိတ်ဆေးတိုက်ပြီး တယောက်ကို ဓာတ်ဆားတထုတ်နှုန်းသာ ပေးဝေခဲ့တယ်လို့ သိရပါတယ်။

“အားလုံးက လုံလောက်တဲ့ ကျန်းမာရေး မရဘူးဆိုတာက ဝမ်းပိတ်ဆေးတိုက်ရုံ၊ ဓာတ်ဆားတထုတ် ပေးဝေရုံလောက်နဲ့တော့ ဒီဟာကို ထိန်းသိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး”လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကို ထိန်းသိမ်းဖို့ဆိုရင် အပြင်ကပေးပို့လိုက်တဲ့ ပါဆယ်တွေကို ပိတ်လိုက်ခြင်းက အဖြေမဟုတ်ဘဲ ထောင်ထဲမှာကျွေးတဲ့ အစားအသောက်နဲ့ သောက်သုံးရေတွေကို ပြန်လည် စိစစ်ဖို့လိုအပ်တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ 

“အထူးသဖြင့် ထောင်ကကျွေးတဲ့ အစားအသောက်တွေကို ပြန်လည်စိစစ်ဖို့ လိုအပ်တယ်၊ သောက်သုံးရေတွေကို ပြန်လည်စိစစ်ဖို့ လိုအပ်တယ်။”လို့ သူက ဆက်ပြောပါတယ်။

အစာအိမ်အခံရှိတဲ့ အကျဉ်းသားတွေအနေနဲ့လည်း ထောင်ထဲမှာကျွေးတဲ့ ထမင်းမာလွန်းတာ၊ ပျော့လွန်းတာကြောင့် ဝမ်းပျက်ဝမ်းလျှောအပြင် အစာအိမ်နဲ့ပတ်သတ်တဲ့ ရောဂါတွေကိုပါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

“ထောင်ကကျွေးတဲ့ ထမင်း အရမ်းပျော့လွန်းအားကြီးတာမျိုး၊ မာလွန်းအားကြီးတာမျိုးက ဝမ်းပျက်ဝမ်းလျှောအပြင် အစာအိမ်နဲ့ပတ်သတ်တဲ့ ဝေဒနာတွေကို ထပ်မံဖြစ်ပေါ်စေတယ်။”လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အိုးဘိုအကျဉ်းထောင်အတွင်းမှာ အကျဉ်းသားတွေကို နေ့စဉ်ကျွေးနေတဲ့ အစားအသောက်တွေ အမြန်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် PPNMရဲ့ ဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

သတင်း - မြတ်သော်တာ၊ စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #အိုးဘိုထောင် #ဝမ်းပျက်ဝမ်းလျှော #ကျန်းမာရေး #အကျဉ်းထောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10